၇ ဇွန်

 

နီပေါနိုင်ငံ Kailali နှင့် Kanchanpur ခရိုင်များရှိ ကျေးရွာအများအပြားတွင် ယမန်နေ့ ညနေပိုင်းက အင်အားပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်သဖြင့် တစ်ဦးထက်မနည်း သေဆုံးပြီး အခြား ၃၇ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

 

ယင်းနိုင်ငံရှိ အစွန်းကျသော အနောက်ဘက်ဒေသရှိ Kailali နှင့် Kanchanpur  ခရိုင်များ၏ ကျေးရွာအများအပြားတွင် ည ၈ နာရီ ဝန်းကျင်က မုန်တိုင်းတိုက်ခတ်ကာ တစ်ဦးထက်မနည်း သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဗဟိုပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူး Prem Kumar Rai က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

အဆိုပါ ကျေးရွာများကို မုန်တိုင်း တိုက်ခတ်လျင်တိုက်ခတ်ချင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြကြောင်း ဒေသန္တရ အစိုးရက ပြောကြားခဲ့သည်။ မုန်တိုင်း တိုက်ခတ်မှုကြောင့် နေအိမ်များနှင့် အများပြည်သူနှင့် ပုဂ္ဂလိကပိုင်ယာဉ်များလည်း  ပျက်စီးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်မီးတိုင်များနှင့် သစ်ပင်များလဲကျကာ လမ်းများပိတ်ဆို့နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အနှောင့်အယှက်ဖြစ်ရကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ ဒဏ်ရာရရှိသူများကို ဒေသန္တရ ဆေးရုံများသို့ အပူတပြင်း ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

 

နီပေါနိုင်ငံ တောင်ပိုင်း Bara နှင့် Parsa ခရိုင်များတွင်  ပြီးခဲ့သည့် ဧပြီလက  ကြီးမားသောမုန်တိုင်း တိုက်ခတ်မှုကြောင့် လူပေါင်း ၃၀ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ရာချီရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို