ဘားအံ ၇ ဇွန်
ကရင်ပြည်နယ်အတွင်းရှိ ခရိုင်လေးခရိုင်၊ မြို့နယ်(၇)မြို့နယ်တွင် ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါး ၄၃၆၀၃၉ ဧက စိုက်ပျိုးရန် လျာထားကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးမှ သိရသည်။
ကရင်ပြည်နယ်၏ ထူးခြားချက်တစ်ခုအနေဖြင့် ရာသီဥတုအခြေအနေအရ တောင်သူဦးကြီးများသည် ရွာသွန်းသည့် မိုးရေချိန်၊ ပျိုးထောင်မည့်ဧရိယာ၊ ပျိုးထောင်မည့်ကာလကြာချိန်ကိုလိုက်၍ မိုးကောင်းသောက်လယ်အများဆုံး ဖြစ်သည့်အတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းများ၊ ထွန်ယက်ပျိုးထောင်သည့်လုပ်ငန်းများကို ဇွန်လတွင် စတင် ဆောင်ရွက်ကြသော်လည်း ရေကြီးနစ်မြုပ်သည့်နေရာဒေသများတွင် သြဂုတ်လ၊ စက်တင်ဘာလများမှသာ စိုက်ပျိုးရသည့် ရေကျနောက်စိုက်ဧရိယာများအဖြစ် ကွဲလွဲမှုများရှိရာ တောင်သူအများစုသည် မေလကုန်ဇွန်လဆန်းခန့်မှ လယ်ယာလုပ်ငန်းခွင်ကို စတင်ဝင်ရောက်ကြပြီး အောက်တိုဘာလကုန်ထိ ရာသီဥတုအခြေအနေကိုလိုက်၍ မိုးစပါးကို စိုက်ပျိုးကြကြောင်း၊ ကရင်ပြည်နယ်၏ လယ်ယာမြေအများစုမှာ မြေအချဉ်ဓာတ်များ၍ မြေဆီလွှာအနည်းငယ်ပြုပြင် ဆောင်ရွက်ရသည့် အခြေအနေများကြောင့် တစ်ပြည်နယ်လုံး ပျမ်းမျှအထွက်နှုန်းမှာ ၇၉ တင်းခန့်ရှိကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လ စတုတ္ထပတ်မှ စက်တင်ဘာလ ပထမပတ်ခန့်ထိ ကရင်ပြည်နယ်တွင် စံချိန်တင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး စိုက်ပျိုးပြီးမိုးစပါးဧက ငါးသောင်းကျော် ရေလွမ်းမိုးမှုဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ယခုနှစ် မိုးစပါးစိုက်ရာသီအတွက် သဘာဝဘေးကြိုတင်ပြင်ဆင်မှုများအနေဖြင့် ῝ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ပါက ထိခိုက်မှု၊ ပျက်စီးမှု၊ ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် ကျွန်တော်တို့က တောင်သူတွေကို ဒီနွေရာသီကာလတစ်လျှောက်လုံး မိုးစပါးစိုက်ရာသီမရောက်ခင်ကတည်းက နည်းပညာပေးဆွေးနွေးပွဲတွေလုပ်တယ်၊ ဘေးကျ ရောက်စဉ်မှာလည်း လယ်ယာလုပ်ငန်းခွင်ကတောင်သူတွေ ဘေးအန္တရာယ်မရှိအောင် သုံးစွဲတဲ့ ပစ္စည်း ကျွဲ၊ နွား တိရိစ္ဆာန်ကအစ ထိခိုက်မှုမရှိရအောင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာတွေကို ပညာပေးဆောင်ရွက်ခဲ့ပါတယ်၊ သဘာဝဘေး ကျရောက်ပြီးတဲ့အချိန်မှာလည်း ထိခိုက်မှုတွေကို ဘယ်လိုပြန်လည်ပြုပြင်အစားထိုးရမယ် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကူညီမှုနဲ့ အရန်ထားတဲ့ မျိုးစေ့၊ မြေသြဇာတွေကို ဘယ်လိုပံ့ပိုးကူညီမလဲ၊ သဘာဝဘေးကျပြီးတဲ့အချိန်မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ရောဂါပိုးမွှားတွေကို ဘယ်လိုကာကွယ်မလဲ စသည်ဖြင့် ကြိုတင်နည်းပညာပေးထားပါတယ်၊ အကူအညီ တစ်စုံတစ်ရာလိုအပ်ရင်လည်း ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံး ဆက်သွယ်ရမယ့်ဖုန်းနံပါတ်များကို အကျိုးဆောင် တောင်သူတွေကတစ်ဆင့် တောင်သူတွေလက်ဝယ်ကို ပေးအပ်ထားပါတယ်῍ ဟု ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက် ကပြောသည်။
ကရင်ပြည်နယ်၊ ဘားအံခရိုင်တွင် ၂၄၉၁၆၁ ဧက၊ ကော့ကရိတ်ခရိုင်တွင် ၁၅၇၇၆၇ ဧက၊ မြဝတီခရိုင်တွင် ၁၁၇၉၉ ဧက၊ ဖါပွန်ခရိုင်တွင် ၁၇၄၁၂ ဧက မိုးစပါးစိုက်ပျိုးရန်လျာထားပြီး တစ်ဧကအထွက်နှုန်းတိုးတက်ရရှိရေးနှင့် မိုးစပါး လျာထားဧက ပြည့်မီကျော်လွန်ရေးအတွက် တောင်သူများစိုက်ပျိုးလုပ်ကိုင်နိုင်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ ကွင်းဝန်ထမ်းများချိတ်ဆက်၍ နှိုးဆော် ပေးလျက်ရှိကြောင်း၊ မြေယာပြင်ဆင်ခြင်းလုပ်ငန်းအတွက် စက်မှု လယ်ယာနှင့်ချိတ်ဆက်၍ လယ်ယာသုံးစက်ကိရိယာ များငှားရမ်းပေးခြင်းနှင့် ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် စိုက်ပျိုးရေးဦးစီးမှူးများ၊ ပညာရှင်များ၊ ကွင်းဝန်ထမ်းများ၊ စိုက်ပျိုးရေး မိတ်ဖတ်အဖွဲ့အစည်းများ ပူးပေါင်း၍ ကွင်းထဲ၊ လယ်ထဲအရောက် ပညာပေးစည်းရုံးနိုးဆော်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
