ဟင်္သာတ ၇  ဇွန် 

 

ဟင်္သာတမြို့တွင် The Galaxy Cinemas (Hinthada) ရုပ်ရှင်ရုံသစ်ကို ဇွန် ၅ ရက် မွန်းလွဲ ၃ နာရီက ရုပ်ရှင်ဇာတ်ကားများ အခမဲ့ပြသပြီး ဖွင့်လှစ်ခဲ့သည်။ 

 

ယင်းရုပ်ရှင်ရုံတွင် ပြည်သူများ အပန်းဖြေကြည့်ရှုရာတွင် နှစ်သက်သည့်ဇာတ်ကားများကို ရွေးချယ်ကြည့်ရှုနိုင်ရန်နှင့် စောင့်ဆိုင်းကြည့်ရှုရမည့်အချိန်  လျော့ကျစေရန်အတွက် ရုံခွဲ(၂)ခုဖြင့် ပြသမည်ဖြစ်သည်။

 

“ကျွန်တော်တို့က ရုံခွဲ(၂)ခုလုံးမှာ DCI Standard တွင် ပါဝင်သော Bargo အမျိုးအစား DP 2K-10S Projector များကို Archemy Server များနဲ့ တွဲဘက်တပ်ဆင်ထားပြီး အသံစနစ်များအတွက် Dolby 5.16/7.1 အသံထွက်သည့် Dobly Sound Processor အမျိုးအစား  CP-750 ထိန်းချုပ်သော Sound System တပ်ဆင်ထားတယ်၊ အဆင့်မြင့် Digital စနစ်ဖြင့် ပြသမှာဖြစ်ပြီး ရုပ်ရှင်ကြည့်ပရိတ်သတ် သက်တောင့်သက်သာ စိတ်ချမ်းသာစွာ ကြည့်ရှုနိုင်ရန် အတွက် နေ့ညလုံခြုံရေးဝန်ထမ်းများ၊ မီးသတ်ဆေးဘူး၊ အရေးပေါ်အချက်ပေးမီး၊ CCTV လုံခြုံရေးစနစ်ထားရှိမှုနှင့် ရုံအတွင်းအဆင့်မြင့် လေအေးပေးစက်များကို တပ်ဆင်ထားကြောင်း” The Galaxy Cinemas ရုံးချုပ်မန်နေဂျာ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။

 

“ပြသမှုအနေနဲ့ကတော့ ရုပ်ရှင်ဇာတ်ကားများကို ရုံ(၁)တွင် ပြသချိန်(၄)ချိန်၊ ရုံ(၂)တွင် ပြသချိန်(၄)ချိန် နေ့စဉ်ပြသသွားမယ်၊ အားပေးကြည့်ရှုရမယ့် နှုန်းထားကိုတော့ မြို့ကြီးတွေရဲ့ ဈေးနှုန်းအောက်ကို အများကြီးလျော့ထားပါတယ်။ နယ်ပရိတ်သတ်တွေ၊ ဝန်ထမ်းတွေ၊ အားလုံး ကြည့်ရှုနိုင်အောင် ရုံဝင်ကြေးကို ကျပ်(၁၀ဝ၀)မှ ကျပ်(၆၀ဝ၀)ထိ သတ်မှတ်ပေးထားကြောင်း” ၎င်းကဆက်လက်ပြောပြသည်။

 

ဟင်္သာတမြို့တွင် အများပြည်သူ အပန်းဖြေကြည့်ရှုနိုင်ရန် ရုပ်ရှင်ရုံ(၃) ရုံရှိလာပြီ ဖြစ်ကြောင်း၊  The Galaxy Cinemas အနေဖြင့် (၆)ရုံမြောက် ဖွင့်လှစ်နိုင်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဆက်လက်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းတွင် ရုပ်ရှင်ရုံ (၁၃၇)ရုံနှင့် ပိတ်ကားပေါင်း(၁၅၇) ကားအထိ တိုးတက်ဖွင့်လှစ် လာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)

 

ge DSC0