၇ ဇွန်
အိန္ဒိယထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသတွင် အစိုးရတပ်ဖွဲ့များနှင့် စစ်သွေးကြွများအကြား ဖြစ်ပွားသည့် ပြင်းထန်သည့် ညတိုက်ပွဲတွင် စစ်သွေးကြွ လေးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ က ယနေ့ပြောကြားခဲ့သည်။
အိန္ဒိယထိန်းချုပ်ထားသော ကတ်ရှ်မီးယား နွေဦးရာသီ မြို့တော် ဖြစ်သည့် ဆရီနဂါ မြို့တောင်ပိုင်း မှ ၄၅ ကီလိုမီတာ အကွာ၊ ပူလ်ဝါမာ (Pulwama ) ခရိုင် ၊ လာဆီပိုရာ (Lassipora) ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့ပူးပေါင်းထားသည့် တပ်ပေါင်းစုများနှင့် လူနေအိမ်တစ်လုံးအတွင်းရှိ စစ်သွေးကြွတို့အကြား ယမန်နေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပူလ်ဝါမာ (Pulwama ) ခရိုင်ရှိ အကြီးတန်း ရဲအရာရှိ တစ်ဦး က သတင်းထောက်များကို ပြောကြားခဲ့သည်။
အဆိုပါ အပြန်အလှန် ပစ်ခတ်ကြသည့် တိုက်ပွဲအစမှာပင် စစ်သွေးကြွ တစ်ဦးသေဆုံးခဲ့ပြီး ညလုံးပေါက် တိုက်ပွဲဖြစ်ပွားခဲ့ကာ မနက်အစောပိုင်းတွင် အခြားသော စစ်သွေးကြွ သုံးဦး သေဆုံးခဲ့သည်။
၎င်းအသေခံစစ်သွေးကြွများမှာ Jaish-e-Mohammed စစ်သွေးကြွ အဖွဲ့၏ အထူးလေ့ကျင့်ပေးထားသူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
ထိုတိုက်ပွဲတွင် အိန္ဒိယ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့သည် မည်သည့် ထိခိုက်ပျက်စီးမှုမျှ မရှိခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို