ရန်ကုန် ၇ ဇွန်
၂၀၁၉ MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် MIU အသင်းသည် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းကို ၂၀၂၀ အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဟု ထုတ်ပြန်ထားရာ MIU အသင်းက ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ MIU အသင်းသည် မေ ၈ ရက်မှ ဇွန် ၅ ရက်အထိ ကျင်းပသည့် ၂၀၁၉ MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင် ပွဲတိုင်းအနိုင်ရကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ MIU အသင်းသည် ဗိုလ်လုပွဲတွင် VUC အသင်းနှင့် တွေ့ဆုံခဲ့ပြီး နှစ်ဂိုးအရှုံးမှ သုံးဂိုးပြန်သွင်းကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
MIU အသင်းသည် ယင်းပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်တိုက် ဗိုလ်စွဲခြင်းဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ခုနစ်ကြိမ်မြောက်ရရှိသည့် ဆုဖလားလည်းဖြစ်သည်။ MIU အသင်းသည် ၂၀၂၀ အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သောကြောင့် သုံးကြိမ်ဆက်တိုက်နှင့် ငါးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိမှုဖြစ်လာခဲ့သည်။ MIU အသင်းသည် ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ခွင့်ရထားပြီး အောင်မြင်မှုရယူနိုင်ရန် ပြင်ဆင်လျက်ရှိသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ငါးကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ပြီးခဲ့သည့်လေးကြိမ်တွင် ထိုင်းကလပ်အသင်းများကသာ ဗိုလ်စွဲထားပြီး မြန်မာကလပ်အသင်းများအနက် MIU အသင်းက သုံးကြိမ်၊ PU အသင်းက တစ်ကြိမ် ယှဉ်ပြိုင်ခွင့်ရထားသည်။ MIU အသင်းသည် ယှဉ်ပြိုင်ခွင့်ရသည့် သုံးကြိမ်စလုံး တတိယရခဲ့ပြီး ယခုနှစ်နှင့် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အောင်မြင်မှုပိုမိုရယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
သတင်း - ရဲရင့်ရှိုင်း
ဓာတ်ပုံ - ဖိုးသော်ဇင်