မက်မန်း ၇ ဇွန်


ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မက်မန်းမြို့နယ်၊ အောင်သံလွင် ကျေးရွာတွင် အခြေခံပညာအလယ်တန်းကျောင်းခွဲမှ အလယ်တန်းကျောင်းသို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


ပထမဦးစွာ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖွင့်လှစ်သီဆိုပြီး ကျောင်းအဆင့်တိုးမြှင့်ခြင်း ဆိုင်းဘုတ်ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၊ အမှတ်(၁၀၁၀) နယ်ခြားစောင့်တပ် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး အောင်ကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေ၊ မြို့နယ်ဦးစီးမှူး ဦးဘောက်နော်တို့က ကျောင်းဆိုင်းဘုတ်ရှေ့၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ 


အခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးက ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ကျောင်းသမိုင်းအကျဉ်းနှင့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားကာ ကျောင်းအကျိုးတော်ဆောင် ဒေါ်သီတာထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား ကျောင်းသူများက တိုင်းရင်းသားရိုးရာ အကဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 


၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အခြေခံပညာ ကျောင်းပေါင်း (၁၄၅)ကျောင်းတို့ကို အဆင့်တိုးမြှင့်ပေးခဲ့ရာ မက်မန်းမြို့နယ်တွင် အလကခွဲမှ အလက(၂)ကျောင်း၊ မူလွန်ကျောင်းမှ အမကကျောင်း(၁)ကျောင်း၊ အမကခွဲမှ အမကကျောင်း (၃)ကျောင်း၊ ကိုယ့်အားကိုယ်ကိုးကျောင်းမှ အမကခွဲကျောင်း(၄)ကျောင်း စုစုပေါင်း (၁၀)အဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။


မက်မန်း(ပြန်/ဆက်)