နေပြည်တော် ၇ ဇွန်
ပြည်တွင်းရှိ တစ်နိုင်တစ်ပိုင် ကျောက်မျက်ရတနာလုပ်ငန်းရှင်များကို ကုန်ကြမ်းများ ရရှိစေပြီး ကုန်ချောအဖြစ် ပြန်လည်ထုတ်လုပ် ရောင်းချစေနိုင်ရန်အတွက် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဦးဆောင်၍ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကြီးကြပ်ပြီး ဇွန် ၈ ရက်တွင် ကျောက်မျက်ရတနာအတွဲများ၊ ကျောက်စိမ်းအတွဲများအား မြန်မာကျပ်ငွေဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
ကျပ်ငွေဖြင့်ရောင်းချသော ပြပွဲတွင် ပြည်တွင်းကျောက်မျက်ကုမ္ပဏီကြီးများနှင့် ကျောက်မျက် အကျိုးတူကုမ္ပဏီကြီးများက ကျောက်မျက်အတွဲပေါင်း ၂၆၀ တွဲ နှင့် ကျောက်စိမ်းအတွဲပေါင်း ၃၁၀၈ တွဲ အား မဏိရတနာ ကျောက်စိမ်းခန်းမအတွင်းတွင် ခင်းကျင်းပြသထားပြီး ဝယ်ယူမည့် ပြည်တွင်းကုန်သည်များက ကျောက်အတွဲများကို ကျောက်အမျိုးအစား၊ အရည်အသွေး၊ ဈေးနှုန်းအလိုက် တွက်ချက် ကြည့်ရှု စစ်ဆေး၍ ဝယ်ယူကြမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲကို ဇွန် ၈ ရက်မှ ၁၀ ရက်အထိ ပြည်တွင်း ကျောက်မျက်ကုန်သည်များက ကျောက်မျက်အတွဲများ၊ ကျောက်စိမ်းအတွဲများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်း ထည့်သွင်း၊ ဝယ်ယူခြင်း ပြုလုပ်၍ ဇွန် ၁၀ ရက်တွင် ကျောက်မျက်အတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။
ဇွန် ၁၁ ရက်မှ ၁၃ ရက်အထိ ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ကျောက်အတွဲ တင်ပြရောင်းချသူများ၊ ကျောက်အတွဲ ဝယ်ယူသူများအတွက် လိုက်နာရမည့် ပြပွဲဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များကို မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ ကြိုတင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ခွန်(ဝင်းပ)


