နေပြည်တော် ၇ ဇွန်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရီး(စ်)မြို့တွင် ဇွန်(၆)ရက်မှ (၈)ရက်အထိကျင်းပသော ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ ထိပ်သီးညီလာခံသို့ တက်ရောက်ခဲ့သည်။

အဆိုပါညီလာခံကို အာဂျင်တီးနားသမ္မတနိုင်ငံအစိုးရ၊ နိုင်ငံတကာ မသန်စွမ်းသူများ မဟာမိတ် အဖွဲ့အစည်းနှင့် လက်တင်အမေရိက မသန်စွမ်းသူများ၏ အစိုးရမဟုတ်သော အဖွဲ့အစည်းကွန်ရက် တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

ယင်းညီလာခံသည် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ၂၀၁၈ခုနှစ်တွင် ကျင်းပခဲ့သော ပထမအကြိမ်  မသန်စွမ်းသူများ ကမ္ဘာ့ထိပ်သီးညီလာခံ၏ အဆက်ဖြစ်ပြီး ထိုညီလာခံတွင် ပါဝင်တက်ရောက်ခဲ့သည့် နိုင်ငံများက ပြုခဲ့သော ကတိကဝတ်များကို ပို၍ခိုင်မာစေပြီး မသန်စွမ်းသူများအတွက် အမှန်တကယ် အပြောင်းအလဲများကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ညီလာခံတွင် မသန်စွမ်းအဖွဲ့အစည်းများရှိ မသန်စွမ်းသူများ၏အသံများကို အလေးထား၍ လက်တင် အမေရိကနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြစေရန်နှင့် မသန်စွမ်းအဖွဲ့အစည်းများ၏ ပါဝင်မှုကို ထပ်မံ ကတိကဝတ်ပြုရန်ဖြစ်ကြောင်း သိရသည်။

ယနေ့အခမ်းအနားတွင် လက်တင်အမေရိကနိုင်ငံများမှ မသန်စွမ်းသူများနှင့် မသန်စွမ်း အဖွဲ့အစည်းများကို ဦးဆောင်သူများနှင့်အတူ အာဂျင်တီးနားနိုင်ငံ ဒုတိယသမ္မတ Mrs. Gabriela Michetti တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ကျင်းပသော ဒုတိယအကြိမ် မသန်စွမ်းသူများ ထိပ်သီးညီလာခံ၏ မျက်နှာစုံညီအစည်းအဝေးများတွင် ပါဝင်တက်ရောက်ခဲ့ပြီး မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူပြုရန် ဆန်းသစ်တီထွင်ထားသော ပစ္စည်းများကို ခင်းကျင်းပြသထားသော ပြခန်းများနှင့် လက်တွေ့သရုပ်ပြသမှုများကို လှည့်လည်လေ့လာခဲ့ကြပြီး မသန်စွမ်းသူများ၏ တေးဂီတဖျော်ဖြေမှုများကို အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)