မန္တလေး ၇ ဇွန်


မန္တလေးမြို့ Mandalay Convention Centre တွင် မေလ ၃၁ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးရောင်းပွဲတော် Big Bad Wolf Book Sale ကို ကျင်းပလျက်ရှိရာ ပွဲစီစဉ်သူများ၊ တာဝန်ရှိသူများနှင့် လာရောက်လေ့လာသူ၊ ဝယ်ယူသူများဖြင့် ၂၄ နာရီပတ်လုံး လာရောက်ဝယ်ယူလျက်ရှိကြောင်း တွေ့ရသည်။ စီစဉ်ရောင်းချသူများဖက်မှ စာအုပ်များကို မူလတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းထိ လျော့ချပြီး အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။


Timothy The Brand Manager Big Bad Wolf Books


'' စာအုပ်ဈေးပွဲတော်ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ကမ္ဘာတစ်ဝှမ်းက လူတွေရဲ့ အသိပညာဗဟုသုတတွေနဲ့ စွမ်းဆောင်ရည်ကို လှုံ့ဆော်နိုင်စေဖို့ ပေါင်းကူးတံတားတစ်ခုဖန်တီးပေးတာဖြစ်ပါတယ်။ ကမ္ဘာကြီးကို ပြောင်းလဲနိုင်မဲ့ အဓိကနည်းလမ်းအတွက်က တစ်ခုကစာအုပ်တွေကတစ်ဆင့် ရနိုင်မှာဖြစ်သလို တစ်ကြိမ်မှာ စာအုပ်တစ်အုပ်ဖတ်နိုင်ဖို့ နည်းလမ်းကလည်း The Big Bad Wolf Books ရဲ့အရေးပါတဲ့ တာဝန်တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အခုလို နောက်တစ်ခေါက် ပြန်လာခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က လူငယ်စာဖတ်သူတွေနဲ့ ကလေးတွေကို ငယ်စဉ်ကထဲက စာဖတ်ခြင်းအလေ့အထတဖြည်းဖြည်း စိမ့်ဝင်လာစေဖို့ မြေတောင်မြှောက်ပေးနိုင်ရန် ဖြစ်ပါတယ်။ စာအုပ်တွေက သတင်းအချက်အလက်တွေဆီကို ဝင်ရောက်နိုင်တဲ့တံခါးတစ်ခုဖြစ်ပါတယ်။ စိတ်ကူးနိုင်စွမ်း၊ ဝေါဟာရကျွမ်းကျင်မှု၊ ဖန်တီးနိုင်မှုနဲ့ ဝေဖန်စဉ်းစားတွေးခေါ်နိုင်စွမ်းရည်တွေ တိုးမြှင့်လာဖို့အတွက် အုတ်မြစ်ချနိုင်ပါတယ်။ ဒါတွေက ၂၁ ရာစု သင်ကြားရေးရဲ့ အခြေခံလိုအပ်ချက်တွေပါဘဲ။''

 

1


ဦးမျိုးအောင် (Director) Ready 2 Read (Myanmar) စာအုပ်ဈေးရောင်းပွဲတော်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သူ


'' မြန်မာနိုင်ငံမှာ လူမှုစီးပွားတိုးတက်ပြောင်းလဲမှု လျင်မြန်စွာဖြစ်ပေါ်လျက်ရှိပြီး ပညာရေးရဲ့ အရေးပါမှုနဲ့အတူ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုဟာလည်း ကြီးထွားဖွံ့ဖြိုးနေပါတယ်။ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ စာအုပ်ဈေးရောင်းပွဲတော်ကြီးက အောင်မြင်မှုရခဲ့တာကြောင့် မန္တလေးမြို့မှာလည်း ကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ လူအများစုက အရည်အသွေးမြင့်စာအုပ်တွေ ဝယ်ယူဖို့ မတတ်နိုင်ကြပါဘူး။ ဒါ့ကြောင့် နိုင်ငံတကာက ထုတ်ဝေထားတဲ့ အရည်အသွေးမြှင့် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေထားတဲ့ အသစ်စက်စက် စာအုပ်တွေကို မူရင်းဈေးရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းထိ အထူးလျော့ဈေးနဲ့ ရောင်းချပေးသွားမှာပါ။ စာအုပ်ဝယ်ယူလိုသူတွေအနေနဲ့ အလုပ်ချိန်နဲ့ အခြားသောအကြောင်းတရားများကြောင့် အချိန်မရွေး စိတ်ချမ်းမြေ့စွာ ကြည့်ရှုဝယ်ယူနိုင်ဖို့ စာအုပ်ဈေးရောင်းပွဲတော်ကို ၂၄ နာရီ ရောင်းချမှုပုံစံနဲ့ စီစဉ်ထားပါတယ်။ စာအုပ်ဈေးရောင်းပွဲတော်မှာ ဂန္ဓဝင်ဝတ္ထုများ၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများ၊ အချစ်ဝတ္ထု၊ သုတရသစာပေများ၊ ရုပ်ပြစာအုပ်များ၊ ဘာသာရပ်ဆိုင်ရာလေ့လာရန် စာအုပ်များနဲ့ ကလေးတွေအတွက် ပုံပြင်၊ ဆေးရောင်ချယ်၊ လေ့ကျင့်ရေး၊ ရုပ်ပြစာအုပ်များ၊ သင်ကြားမှုအထောက်အကူပြုစာအုပ်များ စုစုပေါင်း ၁ သန်းခန့် ရောင်းချပေးလျက်ရှိပါတယ်။ အခုလို စာအုပ်ဈေးရောင်းပွဲတော်ကြီးဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ခွင့်ရတဲ့အတွက် အထူးဝမ်းမြောက်ဝမ်းသာဖြစ်ရသလို ဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးကြတဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။''

 

1


မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် ကျောင်းသူများ


'' သမီးတို့က မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်ကပါ။ သမီးတို့ကျောင်းမှာ ဘာသာရပ်အားလုံးကို နိုင်ငံတကာက ဆရာ၊ ဆရာမတွေက အင်္ဂလိပ်ဘာသာနဲ့ပဲ သင်ပါတယ်။ သင်ကြားရတဲ့ ဘာသာတွေက ဘယ်လောက်ဘဲ အဆင့်မြင့်နေနေ၊ ဘယ်လောက်ဘဲကျွမ်းကျင်နေနေ အင်္ဂလိပ်စာမှာ အားနည်းနေမယ်ဆိုရင် စဉ်ဆက်မပြတ် သင်ယူနိုင်ဖို့နဲ့ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်ဖို့ ခက်ခဲပါတယ်။ အခု စာအုပ်ဈေးရောင်းပွဲတော်ကြီးမှာ လာရောက်ပြသရောင်းချပေးတဲ့ စာအုပ်တွေက ဘာသာရပ်အတွက်ရော ပညာရပ်အတွက်ပါ အများကြီး အထောက်အကူဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တဲ့စာအုပ်အချို့ မပါဝင်တာတွေ့ရပါတယ်။ စာအုပ်ဈေးရောင်းပွဲတော်မှ  Customer Service Centre ထားရှိထားတဲ့အတွက် Centre မှာ လိုချင်တဲ့စာအုပ်တွေကို ဝယ်ယူလို့ရနိုင်မဲ့ ဝန်ဆောင်မှုမျိုးဆောင်ရွက်ပေးဖို့ အကြံပြုခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက ထုတ်ဝေထားတဲ့ သုတစာပေ၊ ရသစာပေ၊ ဘာသာရပ်အလိုက် ပြုစုထားတဲ့ စာအုပ်စာပေတွေ စာအုပ်ဈေးရောင်းပွဲတော်တစ်ခုတည်းမှာ ပါဝင်ပြသရောင်းချနိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် သမီးတို့ပေးခဲ့တဲ့ အကြံပြုချက်က စာအုပ်ဝယ်ယူလိုသူတွေအတွက် အတိုင်းအတာတစ်ခုအထိ အကျိုးရှိမယ်လို့ ထင်ပါတယ်။''

 

1


ဆရာညီပုလေး(စာရေးဆရာ)


'' အခုလို Big Bad Wolf Book Sale  ကမ္ဘာ့အကြီးဆုံးစာအုပ် ဈေးရောင်းပွဲတော်ကြီး မန္တလေးမြို့ Mandalay Convention Centre မှာ လာရောက်ကျင်းပတာ မန္တလေးသူ၊ မန္တလေးသားတွေအတွက် အထူးအခွင့်အရေးကြီးတစ်ခု ရရှိတယ်လို့ မြင်ပါတယ်။ ဂန္တဝင်ဝတ္ထုတွေ၊ ခေတ်ပေါ်ဝတ္ထုတွေ၊ သုတရသစာအုပ်တွေ၊ ဘာသာရပ်အလိုက်ပြုစုထားတဲ့စာအုပ်တွေ၊ ကလေးသူငယ်တွေအတွက် စာအုပ်တွေကို ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းထိ လျော့ချရောင်းချပေးနေတာဟာ ရတောင့်ရခဲ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ ဒီလိုစာအုပ်ဈေးရောင်းပွဲတော်မျိုး နယ်မြို့တွေမှာ ကျင်းပဖို့မလွယ်ပါဘူး။ အခု မန္တလေးမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံး စာအုပ်ဈေးရောင်းပွဲတော် Big Bad Wolf Book Sale ကို မန္တလေးကသာမက အထက်မြန်မာနိုင်ငံက စာအုပ်ချစ်သူတွေအားလုံး လာရောက်လေ့လာစေချင်ပါတယ်။ ကျွန်တော်လည်း ဖတ်ချင်တဲ့ စာအုပ်တွေကို ဒီစာအုပ်ဈေးရောင်းပွဲတော်မှာ တွေ့ရတဲ့အတွက် ဝယ်ယူဖြစ်ခဲ့ပါတယ်။ ''

 

1


မနိမလဉာဏီ(ဗုဒ္ဓတက္ကသိုလ်ကျောင်းသူ)


'' မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးဝန်းကျင်မှာ ကျင်းပတဲ့ ကလေးစာပေပွဲတော်၊ စာအုပ်ဈေးရောင်းပွဲတော်၊ အခုလို ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးရောင်းပွဲတော် Big Bad Wolf Book Sale ကိုလည်း အမြဲရောက်ဖြစ်ပါတယ်။ ပညာရပ်တစ်ခုကို လိုက်စားမယ်ဆိုရင် စာအုပ်စာပေဆိုတာ မရှိမဖြစ်အရာပါ။ အခုလိုစာအုပ်ဈေးရောင်းပွဲတော်ကြီးဟာ စာအုပ်ဝယ်ယူခွင့်ရတဲ့ အခွင့်အရေးအပြင် စာဖတ်တဲ့ဓလေ့ကိုလည်း ဖွံ့ဖြိုးစေတယ်လို့ ယုံကြည်ပါတယ်။ အခုလို စာအုပ်ဈေးရောင်းပွဲတော်ကြီးတွေ ကျင်းပပေးခြင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုမှာ ဖြစ်ပါတယ်။ အထူးလျော့ဈေးနှုန်းများနဲ့ ရောင်းချပေးနေခြင်းကလည်း ဝယ်ယူကြမယ့်သူတွေအတွက် အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။''

 

1


  ဦးဝိစာရ(သမ္မာသတိကျောင်း) ဝါးချက်ကျေးရွာရွာ၊ စစ်ကိုင်း


'' မန္တလေး Mandalay Convention Centre မှာ ကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးရောင်းပွဲတော် Big Bad Wolf Book Sale ကျင်းပနေတယ်ဆိုလို့ စစ်ကိုင်းဖက်ကနေ လာခဲ့တာပါ။ ဒီကိုရောက်တဲ့အခါ နိုင်ငံတကာက စာအုပ်တွေကို ပြည့်ပြည့်စုံစုံခင်းကျင်းရောင်းချပေးနေတာတွေ့ရတော့ အံသြဝမ်းသာမိပါတယ်။ ဘာသာတရားနဲ့ပတ်သက်ပြီး တွေးတောရမယ့် စာအုပ်တွေ၊ အကိုးအကားပြုရမယ့်စာအုပ်တွေ တွေ့ရတဲ့အတွက် ဝယ်ယူဖြစ်ပါတယ်။ အခုလို စာအုပ်ဈေးရောင်းပွဲတော်တွေက တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုတယ်လို့ ယုံကြည်ပါတယ်။ အခုလို စာအုပ်ဈေးရောင်းပွဲတော်တွေ စဉ်ဆက်မပြတ် ကျင်းပပေးစေချင်ပါတယ်။''

 

1


အေးမြ(မန္တလေး)