၈ ဇွန် 

 


အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဒစ်ပါးဒေသရှိ ကျောင်းတစ်ကျောင်းမှာ ကျောင်းသူကျောင်းသားတွေဟာ မိမိတို့ အိမ် သို့မဟုတ် အိမ်ပတ်ဝန်းကျင်မှ ပလတ်စတစ်အမှိုက် အခုနှစ်ဆယ် ယူဆောင်လာခြင်းအားဖြင့် ကျောင်းလခ လွတ်ငြိမ်းတာကို တွေ့ရပါတယ်။ 

 

အဲဒီကျောင်းကို ပါမီတာ ဆာမာနဲ့ ခင်ပွန်းသည် အမေရိကန်နိုင်ငံသား မက်ဇင် မူခ်တာ တို့က တည်ထောင်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အထိ ကျောင်းလခ မယူတဲ့ကျောင်းအဖြစ် ပညာဒါနပေးခဲ့ပြီး ဒီနှစ် ကျောင်းဖွင့်ရာသီမှာတော့ ပလတ်စတစ်လျှော့ချရေးအတွက် ကျောင်းလခအဖြစ် ပလတ်စတစ်အမှိုက် အခုနှစ်ဆယ်ကို သတ်မှတ်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသား မိဘတွေကိုလည်း ပလတ်စတစ်အမှိုက်တွေကို မီးမရှို့ရန် တောင်းဆိုထားပါတယ်။ 

 

ကျောင်းကိုရောက်လာတဲ့အမှိုက်တွေကို ပလတ်စတစ်ပုလင်းထဲ ပလတ်စတစ်အိတ်တွေ ထည့်သွင်းပြီး "eco bricks" အဖြစ်ပြောင်းလဲပြီး ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း၊ အိမ်သာတည်ဆောက်ခြင်းနဲ့ လမ်းခင်းရာတွင်လည်း အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ဒစ်ပါး ဒေသတွင် လူဦးရေ တစ်သန်းနီးပါးနေထိုင်ရာ တစ်နေ့ကို ပလတ်စတစ်အမှိုက်တန် ၃၇ တန် ထွက်ရှိကြောင်း သိရပါတယ်။


MDN
ကိုးကား - AFP