ဘားအံ ၈ ဇွန်

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် World Bicycle Day အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲတော်ကို ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်စက်ဘီးစီးအဖွဲ့ Hpaan Rider Club တို့ပူးပေါင်း၍ ဇွန် (၈)ရက် နံနက်(၆)နာရီအချိန်မှစတင်ကာ အမှတ်(၄)ရပ်ကွက်၊ သီရိလမ်းနှင့် နှမ်းလုံးကြိုင်လမ်းထောင့်မှ စတင်ကာ ကရင်ပြည်နယ် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။

 

World Bicycle Day အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲတော်အား စက်ဘီးစီးခြင်းဖြင့် ကျန်းမာကြံ့ခိုင်စေရန်၊ စက်ဘီးအားကစားနည်းကို ပြည်သူလူထုပိုမိုစိတ်ဝင်စားလာစေရန်၊ မျိုးဆက်သစ် စက်ဘီးအားကစားသမားများ ပေါ်ထွက်လာစေရန်၊ စက်ဘီးစီးခြင်းဖြင့် စက်သုံးဆီကို ခြိုးခြံချွေတာနိုင်ပြီး လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ကာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်စေရန်တို့အတွက် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လူထုစုပေါင်းစက်ဘီးစီးနင်းအဖွဲ့တွင် ပြည်နယ်စက်ဘီးစီးအဖွဲ့ Hpaan Rider Club၊ မြို့ပေါ် ရပ်ကွက်များရှိ စက်ဘီးစီးဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းဦးရေ ၃၅၀ ခန့်သည် သီရိလမ်းမှ ဆေးရုံလမ်း၊ တန်းမြင့်ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ အဓိပတိလမ်း၊ မြို့ပတ်လမ်း၊ ကြာအင်းလမ်း၊ ကျော်ဇေယျလမ်း၊ ဇွဲကပင်လမ်း၊ သရဖီလမ်း၊ ကမ်းနားလမ်းအတိုင်း စီးနင်းလာကြပြီး အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ညဈေးပြုလုပ်မည့်နေရာတွင် ပန်းဝင်ရပ်နားခဲ့ကြရာ စက်ဘီးစီးနင်း ပန်းဝင်သူများအား Hpaan Rider Club ပြည်နယ်စက်ဘီးစီးအဖွဲ့မှ စက်ဘီး(၃)စီး ကံစမ်းမဲဖောက် ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)

 

DSCN