ပူတာအို ၈ ဇွန်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် စာစစ်ဌာနသုံးခုဖြင့် ၂၀၁၉ ခုနှစ် မတ်လအတွင်း ကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်သူများစာရင်းကို ယနေ့နံနက်(၆)နာရီက စတင်ထုတ်ပြန်ရာ ပူတာအိုမြို့နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းမှာ ယခင်နှစ်ကထက် တိုးတက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးအမ်ထင်ဆန်းထံမှ သိရသည်။
ပူတာအိုမြို့နယ် စာစစ်ဌာနသုံးခု၏ အောင်စာရင်းအရ ဖြေဆိုသူပေါင်း(၁၈၈၂)ဦး အောင်မြင်သူ ပေါင်း(၃၅၈)ဦး၊ အောင်မြင်မှု (၁၉.ဝ၂)ရာခိုင်နှုန်းနှင့် ယခင်နှစ်အောင်မြင်မှုမှာ (၁၈.ဝ၇)ရာခိုင်နှုန်းဖြစ်၍ ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်မှုမှာ တိုးတက်လျက်ရှိပြီး ပူတာအိုမြို့နယ်မှ သုံးဘာသာဂုဏ်ထူးရှင် ခုနှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၀)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၆၃)ဦး ထွက်ပေါ်ခဲ့သည်။
အလားတူ မချမ်းဘောမြို့နယ် စာစစ်ဌာနတွင် ဖြေဆိုသူပေါင်း(၁၂၄)ဦးအနက် အောင်မြင်သူ ငါးဦး အောင်မြင်မှု(၄.ဝ၃)ရာခိုင်နှုန်း၊ နောင်မွန်မြို့နယ်စာစစ်ဌာနတွင် ဖြေဆိုသူပေါင်း(၁၃၂)ဦးအနက် အောင်မြင်သူ(၃)ဦး အောင်မြင်မှု(၂.၂၇)ရာခိုင်နှုန်း၊ ဆွမ်ပရာဘွမ်မြို့နယ်စာစစ်ဌာနတွင် ဖြေဆိုသူပေါင်း(၆၀)ဦးအနက် အောင်မြင်သူ ပေါင်း(၇)ဦး အောင်မြင်မှု(၁၁.၉၇)ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး ပူတာအိုခရိုင်အနေဖြင့် ဖြေဆိုသူပေါင်း (၂၁၉၈)ဦးအနက် အောင်မြင်သူပေါင်း(၃၇၃)ဦး အောင်မြင်မှု(၁၆.၉၇)ရာခိုင်နှုန်းအသီးသီး အောင်မြင်ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)