ပွင့်ဖြူ ၈ ဇွန်     

 


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပွင့်ဖြူမြို့နယ်ရှိ မှရိုးကုန်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကြောင့် မုန်းချောင်းကမ်းပါး ပြိုကျခြင်းနှင့် မိုးရွာသွန်းမှုကြောင့် မြေအက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့သည့် ဒေသခံပြည်သူများအတွက် အန္တရာယ်ကင်းစွာ ရွှေ့ပြောင်းနေထိုင်နိုင်ရေး မြေနေရာအစား စီစဉ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

powjf

 


ရှေးဦးစွာ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး က မှရိုးကုန်းကျေးရွာရှိ သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းနေထိုင်ရန် မြေနေရာအခက်အခဲဖြစ်သည့် ဒေသခံပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ် ညွှန်ကြားမှုဖြင့် မြေနေရာအစား စီစဉ်ဆောင်ရွက်ပေးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားပြီး၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုး က သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းရမည့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ပေးမည့်အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။  ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း က တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် မုန်းချောင်းကမ်းပါးပြိုကျမှုနှင့် မိုးရွာသွန်းခဲ့မှုကြောင့် ကျေးရွာတွင်း နေအိမ်ခြံဝန်းအချို့တွင် မြေအက်ကွဲကြောင်း ဖြစ်ပေါ်နေမှုအပေါ် မြေနေရာအစား ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာသူ ကျေးရွာသားများအနေဖြင့် လူနေအိမ်များ ပြောင်းရွှေ့ရာတွင် အဆင်ပြေချောမွေ့စေရေး လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားသည်။ 

 

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ရန်ပုံငွေကျပ် သိန်း ၅၀ဝ ဖြင့် မှရိုးကုန်းကျေးရွာနေ ဦးဝင်းတင့် ပိုင်ဆိုင်သော အကျယ်အဝန်း ၇ ဧကခန့်ရှိ လယ်မြေအား ကျေးရွာသူကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် ဝယ်ယူခဲ့ကြသည်။

 


အဆိုပါ ဝယ်ယူသည့် မြေနေရာအား ကျေးရွာတွင်း အဝင်အထွက်လမ်းမကြီးအတွက် အကျယ် ၃၀ ပေ၊  လမ်းသွယ်များ ဖောက်လုပ်ရန်အတွက် အကျယ်ပေ ၂၀ တိုင်းတာခြင်းများ၊ အိမ်ဝိုင်းမြေနေရာများ အကွက်ဖော်ခြင်းကို  မြေစာရင်းဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာနေပြည်သူများက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပြောင်းရွှေ့ရန်လိုအပ်သည့် အိမ်ထောင်စုစာရင်း တင်ပြမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)