မိုးအောင်
ယခုဒီမိုကရေစီအစိုးရလက်ထက် တိုင်းရင်းသားများနှင့် မျိုးနွယ်စုဝင်များ၌ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး စသည့်ကိစ္စများတွင် လွတ်လပ်မှုများရှိလာခဲ့သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများနှင့် မျိုးနွယ်စု ဝင်များ၌ အမျိုးသားနေ့များ ကျင်းပခွင့်ရရှိလာနေကြပြီးဖြစ်၍ တိုင်းရင်းသားတို့ ရင်ထဲက တောင့်တနေသော ဆန္ဒ ကွက်လပ်တစ်ခုကို ဖြည့်ဆည်းနိုင်ကြပြီဖြစ်သည်။ က္ဘာပေါ်ရှိ လူမျိုးအသီးသီး၌ မိမိတို့လူမျိုးဂုဏ်ကို ဖော်ဆောင်သည့် နေ့ထူးနေ့မြတ်များကို ကျင်းပလေ့ရှိကြသည်။ ၎င်းနေ့များမှာ အမျိုးသားနေ့၊ နိုင်ငံထူထောင်သောနေ့၊ လွတ်လပ်ရေးနေ့ နှင့် ဘုရင့်မွေးနေ့တို့ ဖြစ်ကြ၏။ ဖော်ပြသော နေ့ထူးနေ့မြတ်များ၌ အမျိုးသားနေ့ (National Day) သည် အထူးဂုဏ်ကြီးပြီး ကျက်သရေမင်္ဂလာနှင့် အပြည့်ဆုံးနေ့ တစ်နေ့အဖြစ် သတ်မှတ်ထားကြသည်။
တခမ်းတနား ကျင်းပ
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများအလိုက် သက်ဆိုင်ရာ ပြည်နယ်နေ့၊ အမျိုးသားနေ့နှင့် နှစ်သစ်ကူးနေ့များ ရှိနေပါသည်။
ရခိုင်ပြည်နယ်၌ ပြည်နယ်နေ့သည် ဒီဇင်ဘာ ၁၅ ရက်ဖြစ်ပြီး ရခိုင်အမျိုးသားနေ့သည် မဟာမြတ်မုနိ ရှင်တော်မြတ်သွန်းလုပ်ပြီးစီးသည့်နေ့ ကဆုန်လပြည့်ကျော် (၁) ရက်နေ့ ဖြစ်၏။ ရခိုင်ပြည်နယ်၌ ရခိုင်အမျိုးသားနေ့ကို ကျင်းပနေကြသလို ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များဖြစ်ကြသည့် သက္ကမ(ဒိုင်းနက်)၊ ခမီ၊ မြိုနှင့် မရမာကြီး တိုင်းရင်းသားမျိုးနွယ်စုဝင်များကလည်း အမျိုးသားနေ့အခမ်းအနားကို တခမ်းတနား ကျင်းပ နေကြသည်။ သက္ကမ အမျိုးသားနေ့မှာ နှစ်စဉ် ဇန်နဝါရီ ၇ ရက်ဖြစ်ပြီး ခမီအမျိုးသားနေ့မှာ နှစ်စဉ်ဧပြီ ၂၇ ရက်ဖြစ်သည်။ မြိုအမျိုးသားနေ့မှာ နှစ်စဉ် မေ ၁၅ ရက်ဖြစ်ပြီး မရမာကြီးအမျိုးသားနေ့မှာ နှစ်စဉ်ကဆုန်လပြည့်နေ့ ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံအမျိုးသားနေ့ (တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့)၊ ရှမ်းအမျိုးသားနေ့ (ဖေဖော်ဝါရီလ ၇ ရက်နေ့)၊ မွန်အမျိုးသားနေ့ (တပို့တွဲလပြည့်ကျော် ၁ ရက်နေ့)၊ ချင်းအမျိုးသားနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်နေ့)၊ ပအိုဝ်းအမျိုးသားနေ့ (မတ်လ ၁၂ ရက်နေ့) စသည်ဖြင့် လူမျိုးအလိုက် အမျိုးသားနေ့ သတ်မှတ်ပြဋ္ဌာန်းပြီး နှစ်စဉ်အခမ်းအနားများဖြင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပကြကြောင်း တွေ့ရသည်။ အခြားတိုင်းရင်းသားများနည်းတူ ရခိုင်အမျိုးသားနေ့ဖြစ်ပေါ်လာရေး အတွက် ဖြစ်မြောက်ရေး ကော်မတီတစ်ရပ် ကို ၂၁၀၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ဖွဲ့စည်းခဲ့ကြပြီး ရခိုင်အမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီမှ ၂၀၁၄ ခုနှစ်၌ ကျင်းပခဲ့သော ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ)သို့ အစီရင်ခံစာတင်သွင်းခဲ့ကြသည်။
ရခိုင် အမျိုးသားညီလာခံ(ကျောက်ဖြူ)မှ မဟာမြတ်မုနိရှင်တော်မြတ် သွန်းလုပ်ပြီးစီးသောနေ့အား ရခိုင်အမျိုးသားနေ့ အဖြစ် ပြဋ္ဌာန်းသတ်မှတ်ပေးခဲ့ကြသည်။ ရခိုင်အမျိုးသားနေ့အား ၂၀၁၄ ခုနှစ်မှ စတင်ကျင်းပလာခဲ့ကြရာ ၂၀၁၉ ခုနှစ် ကဆုန်လပြည့်ကျော် (၁) ရက်နေ့တွင် (၆)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည်။ ၂၀၁၉ ခုနှစ် (၆)ကြိမ်မြောက် ရခိုင်အမျိုးသား နေ့အား ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ကဆုန်လပြည့်ကျော်(၁)ရက်နေ့အား ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ရခြင်းအကြောင်းရင်းမှာ မဟာသက္ကရာဇ် ၁၂၃ ခု BC (၅၅၄) ခုနှစ်၌ ရခိုင်ဘုရင် စန္ဒသူရိယမင်းကြီးက ရှင်တော်မြတ်ဗုဒ္ဓအား မနောအဓိဋ္ဌာန်ဖြင့် ပင့်လျှောက်တော်မူလေ၍ မြတ်ဗုဒ္ဓသည် နောက်ပါရဟ္တာငါးရာနှင့်တကွ ရခိုင်ပြည်နယ်သို့ ကြွရောက်တော်မူလာခဲ့သဖြင့် ရခိုင်ပြည်သူပြည်သားများ ရှင်တော်မြတ်ဗုဒ္ဓကို ကိုယ်တိုင်ကိုယ်ကျဖူးတွေ့ရပြီး တရားဒေသနာ နာကြား နိုင်သည့် အခွင့်အလမ်းများရရှိခဲ့ကြ၏။ ရခိုင်ပြည်နယ်သို့ ဗုဒ္ဓဘုရားရှင် ရောက်ရှိ ပြီးနောက် ဗုဒ္ဓဘာသာရောက်လာခြင်းနှင့်အတူ ဗုဒ္ဓယဉ်ကျေးမှုနှင့် ဆက်နွှယ် သည့် အုပ်ချုပ်ရေးပုံစံမျိုးကို စန္ဒသူရိယမင်းကြီးလက်ထက်မှ စတင်ခဲ့သည်။ စန္ဒသူရိယမင်းကြီးက မြတ်ဗုဒ္ဓ ရခိုင်ပြည်နယ်မှ မဇ္ဈိမဒေသ အိန္ဒိယသို့ ပြန်မြွကမီ ဗုဒ္ဓကိုယ်စားတော် တစ်ဆူတည်ထားကိုးကွယ်ဖို့ မြတ်ဗုဒ္ဓအား လျှောက်ထားခဲ့ရာ ခွင့်ပြုပေးတော်မူခဲ့သဖြင့် ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓကိုယ် စားတော် မဟာမြတ်မုနိဆင်းတုတော်မြတ်ကို သွန်းလုပ်ခဲ့ကြသည်။ မဟာမြတ် မုနိဆင်းတုတော်မှာ နောက်တစ်နေ့ ကဆုန်လပြည့်ကျော်(၁) ရက်နေ့တွင် ပြီးစီးခဲ့လေသည်။ ရခိုင်တို့သည် မဟာမြတ်မုနိကို သွန်းလုပ်တည်ဆောက် ပြီးနောက် ရခိုင်ယဉ်ကျေးမှုသည်လည်း ဖွံ့ဖြိုးလာခဲ့ပြီး မဟာမြတ်မုနိ သွန်းလုပ် ပြီးစီးခြင်းသည် ရခိုင်တိုင်းရင်းသားလူမျိုးတို့၏ ကိုယ်ပိုင်အမျိုး သားယဉ်ကျေးမှု ကို စတင်ခြင်းဖြစ်သည်ဟု ဆိုရပေမည်။
သွန်းလုပ်ပြီးစီးသည့် ကဆုန်လပြည့်ကျော် (၁) ရက်နေ့သည် ရခိုင်တို့ အဖို့ မင်္ဂလာရက်မြတ် အခါသမယဖြစ်၍ စန္ဒသူရိယမင်းကြီးနှင့်တကွ ရခိုင် ပြည်သူပြည်သားများ ဝမ်းသာပီတိဖြစ်ခဲ့ကြရသည်။ ထိုပီတိမှာ ရခိုင်ရာဇဝင် သမိုင်းတွင် အကြီးကျယ်ဆုံး ပီတိဖြစ်ပါလိမ့်မည်။ ရခိုင်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုသက် တမ်းရှည်ကြာမှုနှင့် ယနေ့မျက်မှောက် ရခိုင်ယဉ်ကျေးမှုတို့၏ မြစ်ဖျားခံရာအရင်းအမြစ်နေ့သည်ကား မဟာမြတ်မုနိဆင်းတုတော်ကို သွန်းလုပ်ပြီးစီးသည့်နေ့အပြင် အခြားမရှိပါပေ။ သို့ဖြစ်၍ ထိုနေ့ရက်အား ရခိုင် အမျိုးသားနေ့အဖြစ် သတ်မှတ်ကြဖို့ ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ)၌ တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ တစ်ခဲနက် ထောက်ခံ မဲပေးခဲ့ကြသည်ကို သိရသည်။
အမျိုးသားနေ့သည် မိမိတို့၏လူမျိုးဇာတိဂုဏ်ကို ဖော်ပြသောနေ့ဖြစ်၍ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများနှင့် မျိုးနွယ်စုဝင်များက တန်ဖိုးထားကျင်းပနေ ကြသည်။ ရခိုင်ပြည်နယ်တွင်လည်း ရခိုင်တစ်မျိုးသားလုံး၏ ဂုဏ်ရည်ထူးကို ဖော်ဆောင်ခဲ့သည့် နေ့ရက်ဖြစ်သော မဟာမြတ်မုနိဆင်းတုတော်ကို သွန်းလုပ် ပြီးစီးသည့်နေ့အား အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပနေကြကြောင်း တင်ပြလိုက်ရပါသည်။