(၁-၆-၂၀၁၉ ရက်နေ့မှအဆက်)
ဓနု စကားတွင် "ပဲ့"ဟူသောစကားသည် "ငယ်သော"ဟု အဓိပ္ပာယ်ရသည်။ လူလေးကို "လူပဲ့သငယ်"ဟုလည်းကောင်း၊ အိုးငယ်ခွက်ငယ်ကို "အိုးပဲ့ ခွက်ပဲ့"ဟုလည်းကောင်း ပြောဆိုကြသည်။ ဓနုရိုးရာ တေးကဗျာတစ်ပုဒ်တွင် "တောင်ပို့လုလင်၊ ဟင်းချိုပင်၊ တစ်ပင်တစ်ရွက်၊ ခူးလို့ချက်၊ အိုးပဲ့နဲ့တည်၊ ခွက်ပဲ့နဲ့ ခူး၊ လင်မယားစားလောက်ဘူး"ဟူ၍ ဖွဲ့ဆိုထားပါသည်။ "ငယ်သော"ဟူသော အခြားအသုံးအနှုန်း တစ်မျိုးမှာ "သငယ်"ဖြစ်ပါသည်။ လူလေးကို "လူပဲ့"ဟုလည်းကောင်း၊ အိုးပဲ့ ခွက်ပဲ့ကို အိုးငယ် ခွက်ငယ် ဟုလည်းကောင်း၊ ငယ်ရွယ်သော ယောကျာ်းလေး၊ မိန်းကလေးများကို "ဖိုးနီငယ်၊ မောင်နီငယ်၊ မိနီငယ်"ဟူ၍ ချစ်စနိုးခေါ်တတ်ကြပေသည်။
ဆွေမျိုးတော်စပ်ပုံတွင်လည်း အဘိုး၊ အဘွားတို့ကို ခေါ်ဆိုရာ၌ "တို့ဘိုး၊ တို့ဘွား" ဟူ၍လည်းကောင်း၊ "ဖအို၊ မို့အို"ဟူ၍လည်းကောင်း၊ အဘွားကို "အပေါင်" ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ဤနေရာတွင် ရခိုင်တို့က လည်း အဘွားကို "အဘောင်"ဟု ခေါ်ကြလေရာ အသံနေအသံထား အနည်းငယ်သာ ကွာခြားပြီး ပြောဟန်ဆိုဟန်တူညီမှုရှိကြောင်း သိရှိနိုင်ပါသည်။ အဖေ၊ အမေကို "တို့ဖ၊ တို့မေ"ဟု ခေါ်သကဲ့သို့ အဒေါ်ကိုခေါ်ရာ၌ "ပဲ့" ဟူသော စကားနှင့်တွဲ၍ ခေါ်တတ်သည်။ အဒေါ်၏ အမည်သည် ဒေါ်ခင်မေ ဖြစ်ပါက "ပဲ့မေ"၊ ဒေါ်လှထွေးဖြစ်ပါက "ပဲ့ထွေး"ဟုခေါ်ကြပါသည်။
ဓနုတို့သည် မြန်မာစကားကို ပြောဆိုသုံးစွဲသည်ဆိုသော်လည်း အချို့ အခေါ်အဝေါ် အသုံးအနှုန်းများမှာ မြန်မာတို့နှင့် မတူညီကြသည်များလည်း ရှိပါသည်။ စကားပြောဆိုရာတွင်လည်းကောင်း၊ အလုပ်လုပ်ရာတွင်လည်း ကောင်း အလေးအနက်မရှိဘဲ ပေါ့ပျက်ပျက် ပြောဆိုလုပ်ကိုင်ခြင်းကို ဓနုတို့က "ဖော့ဖဲ့သည်၊ အော့အဲ့သည်"ဟု ပြောဆိုကြသည်။ မြန်မာစကားတွင် "အသုံးမကျ၊ ရှပ်ပြာသည်"ကို ဓနုတို့က "ခေါ့နုသည်"ဟု ပြောဆိုကြသည်။
ထမင်းစား၍ကောင်းသည် စား၍မြိန်သည်ကို "ထမန်းစားချိုသည် "ဟင်းကောင်းလျှင် "ဟင်းချိုသည်"ဟင်းမကောင်းလျှင် "ဟင်းပြယ်သည်"ဟု သုံးနှုန်းသည်။ "ထမန်းစားချိုရဲ့လား"၊ "ထမင်းချိုချိုစားပါ"ဟူ၍လည်း ဧည့်ဝတ်ပြုတတ်ပါသေးသည်။ အရသာပေါ့သည်ကိုလည်း "ပြယ်သည်"ဟုပြောကြသည်။ ထမင်းကို "ထမန်း၊ မန်း"ဟု သုံး၍ ဆာလောင်မွတ်သိပ်သည် ကို "မွတ်"ဟု သုံးကြရာ ထမင်းဆာသည်ကို "မန်းမွတ်သည်"ဟု ပြောကြသည်။
ဓနုမြေရဲ့ မြို့ရွာငံ
ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် နှစ်ခုကို ပေါင်းစည်းဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ဓနုတို့သည် ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြသည်။ ရွာငံမြို့နယ်သည် ရိုးရှင်းရှားပါးသည့် သဘာဝအလှ များနှင့် ပြည့်နှက်နေသလို ပင်းတယမြို့နယ်သည်လည်း ဓနုတို့ ဘာသာတရား ကိုင်းရှိုင်းမှုနှင့် အလှူအတန်းရက်ရောမှုကို ဓနုတို့မြေ ပင်းတယမြို့ရှိ ဘာသာရေး အဆောက်အအုံကြီးများ ကြီးကျယ်ခမ်းနားမှုကို မြင်တွေ့ရုံဖြင့် သိနိုင်သည်။ ဓနုတို့သည် ဘာသာရေးဆိုင်ရာ ပွဲတော်များကို ရာသီအလိုက် ကျင်းပကြ ကြောင်းလည်း တွေ့ရသည်။ ပင်းတယမြို့၏ ပုတ်တလုပ်ရေကန်မှာလည်း သမိုင်းကြောင်း ကြီးကျယ်ခမ်းနားခဲ့မှုကို ဖော်ညွှန်းနေ၏။
ရွာငံဆိုတာ ရှမ်းပြည်နယ်ထဲက မြို့လေးတစ်မြို့ပါ။ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ မြို့ငယ်လေး တစ်မြို့ ၊ ကလောမြို့မှ ဆက်လက်သွားလျှင် နှစ်နာရီခန့် ကားစီးရသည်။ အောင်ပန်းမှ ဆက်သွားရသည်။ ကားလမ်းကလည်း ကတ္တရာလမ်း လမ်းဘေး နှစ်ဖက် ရှုခင်းတွေမှာလည်း လှမှလှ၊ အောင်ပန်းကနေ ရွာငံကို ရောက်မှန်းမသိ ရောက်သွားပါလိမ့်မည်။
ရွာငံရဲ့ မြို့အနေအထားကတော့ သိပ်အကြီးစားမဟုတ်ပေမယ့် စိတ်ဝင် စားစရာကောင်းသည်။ ရှားမှရှားတဲ့ သဘာဝအလှအပတွေ မြောက်မြားစွာ ရှိသည်။ လူအများသိကြသည့် ရွာငံက သဘာဝအလှအပတို့မှာ သမိုင်းစဉ်လာ နဲ့ ရွာငံရဲ့ မိန်းမရဲ သခင်မတောင်၊ မြေပြန့်ကြီးပေါ်ကနေ ထီးထီးကြီးထွက်နေသည့် ကျောက်တောင်ပေါ်တွင် ဘုရားတွေတည်ထားပြီး သာသနာ့နယ်မြေ ပြုလုပ် ထားခြင်းဖြစ်သည်။ တောင်ပေါ်ကနေ ကြည့်ရသည့် ရှုခင်းတွေက ရှုမော စရာပင်။ သမိုင်းအစဉ်အလာ ရာဇဝင်ကလည်း ရှိသေးတော့ ခရီးသွားဧည့်သည် တွေအတွက် ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုပါ။ ဤကျောက်တောင်ပေါ်ရှိ ဘုရားသို့ ဘုရားဖူးသွားလိုပါက ရွာငံအထိ သွားစရာမလိုဘဲ အောင်ပန်း - ရွာငံ လမ်းတစ်ဝက်ကျော်ကျော်လေးမှာ တည်ရှိနေခြင်းကြောင့် အချို့ဧည့်သည် တွေဆိုရင် ကလောကနေ ဘုရားဖူးသွားကြသူများလည်း ရှိကြသည်။
မိန်းမရဲ သခင်မတောင်ရဲ့ အနီးနားမှာ ၁၂ ရာသီပတ်လုံး အမြဲကြည်ပြာ နေသည့် ရေပြာအိုင်ရှိသည်။ မိုးဘယ်လောက်ကြီးကြီး၊ နွေဘယ်လောက်ပူပူ ဘယ်တော့မှ ရေမနောက်၊ ရေမခန်းပါ။ ဒေသခံတွေရဲ့ ယုံကြည်မှုအယူအဆ တွေလည်း ရှိပါသေးသည်။ အောင်ပန်း - ရွာငံ လမ်းတစ်လျှောက်မှာ လှချင်တိုင်း လှနေတဲ့ ယူကလစ်တန်းကြီး၊ ဆောင်းတွင်းဆို ပန်းရောင်စုံစိုက်ခင်းတွေ၊ မြင်းမူ ကုန်းတို့နှင့် ရေတံခွန်ကြိုက်တဲ့ သူတွေအတွက် တောကျယ်ရေတံခွန်၊ အလယ် ချောင်းရေတံခွန်တို့ကိုလည်း သွားရောက်လည်ပတ်နိုင်သည်။ ရွာငံမြို့ ပတ်ဝန်း ကျင်မှာ လည်ပတ်ချင်တဲ့သူတွေအတွက် ကိုးနဝင်းတောင်၊ ဂဏန်းတောင်၊ မင်္ဂလာရေကန်နှင့် ငါးရက်ဈေးတို့လည်းရှိနေတော့ ရွာငံကို ဘယ်လိုပုံစံ ခရီးသွားပဲဖြစ်ဖြစ် လည်ပတ်ချင်စရာကောင်းတဲ့ မြို့လေးတစ်မြို့ ဖြစ်နေ ပြန်ပါသည်။
ရွာငံမှာ ရှားပါးတဲ့ သဘာဝအလှတွေ ဘာတွေရှိသလဲဆိုတာလည်း ပြောပြပါရစေ။ ရှားပါးတဲ့ တောင်ဇ လပ်ပန်းပင်ဆိုရင် တစ်ပင်၊ နှစ်ပင် မဟုတ်ပါ။ တောင်ဇလပ်နီတွေ တောအုပ်ကြီးလိုက် မြင်တွေ့နိုင်ပါသည်။ ရွာငံမြေရဲ့ အမြင့်ဆုံး ရှေ့မြင်နောက်မြင် တောင်ထိပ်မှာ ပေါက်နေတာပါ။ အမြင့်ပေပေါင်း ၇၇၅၂ ပေရှိပြီး အသွားအပြန် တောင်တက်လမ်း အရှည် ၁၈ မိုင်ရှည်သည်။ ရှေ့မြင်နောက်မြင် တောင်တန်းပေါ်မှာရှိတဲ့ တောင်ဇလပ်တောအုပ်ကြီးက တစ်တောလုံး နီရဲပြီး ညို့မှိုင်းနေပါသည်။ ဤတောင်တန်းရဲ့ တက်လမ်းက တကယ့် တောတွင်းလျှောက်လမ်းလေးပါ။ ကားလမ်း၊ ဆိုင်ကယ်လမ်းတို့ မပေါက်သေးတော့ တောတွင်းစွန့်စားမှု အရသာစစ်စစ်ကို ခံစားနိုင်ပါသည်။ ပုံမှန်လမ်းလျှောက်တက်လျှင် အတက် ခြောက်နာရီ၊ အဆင်း လေးနာရီ အချိန် ပေးရပါသည်။ တချို့က တောင်ထိပ်မှာ Camping ချပြီး ညအိပ်ကြပါ သည်။ တောင်ဇလပ်တောအုပ်ထဲ တိမ်စိုင်လွှာတွေအကြား ညအိပ်နားခဲ့ရသည့် မေ့မရတဲ့ ညလေးတစ်ညအဖြစ် ခံစားကြရမှာပါ။ ခက်ခက်ခဲခဲ သွားရတဲ့ခရီးမို့ တောင်ဇလပ်ပန်းတွေ ရေရှည်တည်တံ့နေတာလို့ ဆိုရမှာပါ။ ဆက်ပြီး ရေရှည် တည်တံ့စေဖို့လည်း ဆုတောင်းမိကြမှာပါ။ တကယ့်ကို ရှားပါးတဲ့ သဘာဝ အလှအပတွေ မဟုတ်ပါလား။ တောင်တက်ဖို့ မစွမ်းသူတွေအတွက်လည်း ဟိုနား ဒီနားလမ်းလျှောက်ချင်တယ်ဆိုလည်း လျှောက်လို့ရသည်။ ရွာငံရဲ့ သဘာဝပတ်ဝန်းကျင်မှာရှိတဲ့ လမ်းကြောင်းတွေဟာ ကလောမှာရှိတဲ့ လမ်းကြောင်း တွေနဲ့မတူပါ။ သူ့အလှနဲ့သူ မတူကွဲပြားစွာ တည်ရှိနေခြင်းဖြစ်သည်။ မြို့ရွာငံရဲ့ သဘာဝအလှအပ တောင်ဇလပ် တောအုပ်တောတန်းမှာ လမ်းလျှောက်၍ရသလို Camping Site တွေနဲ့ သဘာဝတရားကြီးကို ခံစားအပန်းဖြေနိုင်ပါသည်။
ဓနုရိုးရာအစားအစာ
ရှမ်းပြည်နယ်ရဲ့ မြို့လေးဆိုတော့ အစားအသောက်လည်း လတ်ဆတ်၊ အရသာလည်း ရှိပါသည်။ ရှမ်းရိုးရာ အစားအစာလည်း စားလို့ရပါသည်။ ချက်ပုံချက်နည်းတော့ နည်းနည်းကွဲပါသည်။ ဥပမာ - ရွာငံ ဟင်းထုပ်ဆိုလျှင် ပဲဟင်းလေးဆမ်းပြီး မုန့်ခွေလိပ်ကို ကတ်ကြေးနှင့်ကိုက်ပြီး ရောသုပ်စားရ တာပါ။ ဝက်သားချဉ်ဆိုရင်လည်း ရွာငံက ဝက်သားချဉ်ဟင်းက ပိုစားကောင်း ပါသည်။ ငါးထမင်းနယ်၊ မုန့်တီထောင်း၊ ရှမ်းခေါက်ဆွဲတို့ ဆိုရင်လည်း ရွာငံမှာ ပိုပြီး အရသာရှိပါသည်။
ရွာငံရဲ့ ဓနုရိုးရာဒေသ အစားအစာတစ်ခု ရှိပါသေးသည်။ ဈေးနေ့ မတိုင်ခင်နဲ့ ဈေးနေ့မှာသာရနိုင်တဲ့ ရွာငံ ဓနုရိုးရာ "မုန်ရည်ပျော့၊ မုန့်ဦး နှောက်"ပါ။ မုန်ရည်ပျော့ ဆိုတာက ခေါပုတ်လို အပြားလေးကို မီးလေးနဲ့ အပူပေးပြီး ထန်းလျက်လေးနဲ့ နှမ်းထောင်းလေးနဲ့ တို့စားရတာပါ။ ဂျူးမြစ်၊ ငရုတ်သီးထောင်းနဲ့ ခရမ်းချဉ်သီး ပန်ထွေဖျော် ကောင်းကောင်းရတဲ့ ဓနုရိုးရာ ထမင်းဆိုင်တွေလည်း ရွာငံမှာရှိပါသည်။ ဒေသအစားအစာတွေ မြည်းစမ်း ကြည့်ချင်သူတွေအဖို့ ရွာငံဟာ ချစ်စရာကောင်းနေပြန်ပါသည်။
လည်ပတ်စရာတွေနဲ့ ရွာငံမြို့လေးက တကယ်လည်း လှတဲ့အပြင် ဓာတ်ပုံ လှလှလေး ရိုက်ချင်သူတွေအတွက် ဆွဲဆောင်မှုအပြည့်အဝ ပေးစွမ်းနိုင်ပါ သည်။ ရွာငံဟာ မြို့ကြီး ပြကြီး မဟုတ်ပေမယ့် နားအေးပါးအေးလည်းရှိတဲ့ အပြင် ရှမ်းပြည်ရိုးရာအစားအစာ မြည်းစမ်းရင်း ဓနုတိုင်းရင်းသားတို့၏ နွေးထွေးစွာ ဧည့်ဝတ်ပျူငှာမှုနှင့်အတူ ရွာငံရဲ့ မိန်းမရဲ သခင်မတောင် အလှအပ တောင်ဇလပ်တောအုပ်တန်း၊ လမ်းလျှောက်ရင်း Camping Site တွေနဲ့ သဘာဝတရားကြီး၏ ရှုမောဖွယ်အလှကို ခံစားရင်း အပန်းဖြေဖို့ ဓနုမြေရဲ့ ရွာငံဆီသို့ တစ်ခါတစ်ခေါက် အဆွေရောက်ဖို့ ကြိုထောက် အသင့် ပြင်ဆင် နှင့်လျက် ယခင်နှင့်မတူ တစ်မူပြောင်းကာ အသွင်သစ်၊ အမြင်သစ်များဖြင့် ခရီးသွားများကို ဆွဲဆောင်လျက်ရှိနှင့်ပြီးဖြစ်၍ ခွန်းဆင့်ဖိတ်ခေါ်လိုက်ပါရစေ။
မောင်မောင်ကျော့ - ပလက်ဝ