မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားပေါင်း ၁၃၅ မျိုးရှိသည်။ သို့သော် တချို့တွင် မျိုးပျောက်လုမတတ်ပင် ရှိနေပါသည်။ ထိုအထဲတွင် ထနော့လူမျိုးစုများသည်လည်း အပါအဝင်ဖြစ်သည်။ ထနော့လူမျိုးနှင့်ပတ်သက်၍ ရှေးအတီတေကာလ၌ ကိုယ်ပိုင်အဝတ်အစား၊ ဂီတ၊ အဆိုအက၊ တူရိယာ၊ စာပေ စသည့် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုများ ရှိခဲ့သည်ဟု ဆိုသော်လည်း ယနေ့ခေတ်တွင် တိမ်မြုပ်ပျောက်ကွယ်နေပြီး ဘာသာစကားတစ်မျိုးတည်းသာ ကျန်ရှိပါသည်။ 

 

ယုတ်စွအဆုံး ထနော့လူမျိုးနှင့်ပတ်သက်၍ အားလုံးက တညီတညွတ်တည်း လက်ခံထားသော ကိုယ်ပိုင်အဝတ်အစားပင် မရှိသေးပေ။ ထိုသို့ ထနော့လူမျိုးနှင့်ပတ်သက်သည့် သမိုင်း၊ မှတ်တမ်း မှတ်ရာစသည် မရှိသည့်အတွက်ကြောင့် ရှေးက ထနော့ လူမျိုးများ ဝတ်ဆင်ခဲ့ကြသော အဝတ်အစားဟူသည် မည်သို့မည်ပုံရှိခဲ့ကြောင်းကို အတိအကျမသိရချေ။ သို့သော် မိမိတို့ထနော့လူငယ်များသည် ယနေ့ခေတ်တွင် အမြင်ကျယ်လာကြသောအခါ မိမိတို့ ထနော့လူမျိုးအရေး နှင့်ပတ်သက်၍ အလွန်ပင် တကြွ်ကလာကြသည်။ မိမိတို့ သည် အခြားသောလူမျိုးများနှင့် တန်းတူညီမျှသော တိုင်းရင်းသားများဖြစ်ကြကြောင်း၊ စည်းလုံးညီညွတ်ပြီး ထနော့တိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာများ မပျောက်ပျက်အောင် ထိန်းသိမ်းသင့်ကြောင်း၊ ကိုယ်ပိုင် ခိုင်မာသည့် စာပေ၊ ဝတ်စုံ၊ အထိမ်းအမှတ် သင်္ကတေ၊ တူရိယာ၊ အဆိုအက စသည်တို့ ပေါ်ထွက်လာရန် ကြိုးပမ်း သင့်သည်ဖြစ်ကြောင်းတို့ကို နားလည်လာခဲ့ကြသည်။ အချို့သော ထနော့လူငယ်များသည် မိမိတို့၏ ကိုယ်ပိုင် စာပေနှင့်ရိုးရာယဉ်ကျေးမှုများ ပြန်လည်ပေါ်ပေါက်လာ ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်။ သို့သော် လူအင်အား၊ ငွေအင်အား၊ စိတ်အင်အား၊ ပစ္စည်းအင်အား နည်းပါးခြင်း၊ လူတော်၊ လူတတ်ပညာရှိများ မရှိခြင်း စသည့် အားနည်းချက်ကြောင့် ထိထိရောက်ရောက် မအောင်မြင် ခဲ့ပါ။ ယာယီဝတ်ဆင်ကြသော ထနော့အမျိုးသားနှင့် အမျိုးသမီးဝတ်စုံများသည်လည်း အတည်ပြု သတ်မှတ်၍ ပြုလုပ်နိုင်ခြင်းမရှိသေးပါ။

 

ထနော့လူမျိုးများနေထိုင်ရာဒေသနှင့် လူဦးရေ

 

ထနော့လူမျိုးစုများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်းရှိ တောင်ပို့လှရွာ၊ သစ်အယ် တစ်ရွာ၊ ဘုရားဦးရွာ၊ ထင်းရှူးကုန်းရွာ၊ ကျောက်ဆင့်ရွာ၊ ချောင်းကြားရွာ၊ ပေါတုတ်ရွာတို့၌ နေထိုင်လျက်ရှိသည်။ ပြန့်ပွားနေထိုင်ရာဒေသများမှာ ရွာငံ၊ ပင်းတယ၊ ရပ်စောက်၊ ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေး၊ ကလောမြို့နယ်တွင် ကျောက်ထပ်၊ သာမိုင်းခမ်း၊ လွယ်မော၊ လွယ်အံ၊ ငုံးသုံ၊ ပင်မှီ၊ လယ်ကြား၊ အောင်ပန်း၊ ဝါးကြီးမြောင်၊ ရှမ်းရွာနှင့် မြေခြားရွာ၊ ပေါလမော၊ ဆူးပန်းအင်း၊ ညောင်ပင်ခါးရှည်၊ ချောင်နီပေါက်၊ သရက်ပု၊ ငုတ်၊ ညောင်ကျိုး၊ ညောင်ကုန်း၊ ဟဲဟိုး၊ ဟဲကယ်၊ လက်ပံစသည်တို့ဖြစ်ပြီး တောင်ကြီးမြို့နယ် တွင် နောင်အင်ရွာ၊ သစ်ပင်ထောင်ရွာ၊သိမ်းကုန်းရွာ၊ ဘန့်ပုန်းရွာတို့ ဖြစ်သည်။ လူဦးရေမှာ ၁၉၀၁ ခုနှစ် သန်းခေါင်စာရင်းအရ ၆၃၅ ဦး၊ ၁၉၁၁ ခုနှစ် သန်းခေါင်စာရင်းအရ ၁၆၆၉ ဦး၊ ၁၉၂၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ ၁၈၀၈ ဦး၊ ၁၉၂၁ ခုနှစ် သန်းခေါင်စာရင်းအရ ၁၇၂၄ ဦး၊ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ ၁၁၅၇ ဦး၊ ၁၉၈၅ ခုနှစ် လူဦးရေစာရင်းအရ ၁၆၅၇ ဦးရှိပြီး ၂၀၁၇ ခုနှစ် လူဦးရေ စာရင်းအရ ၇၀ဝဝ ဝန်းကျင်ရှိသည်ဟု သိရသည်။

 

ထနော့စကားနှင့် ထနော့ဟု အမည်ဖြစ်ပေါ်လာပုံ 

 

ထနော့စကားနှင့်ပတ်သက်ပြီး သမိုင်းပညာရှင်တို့၏ ထင်မြင်ချက်၊ ယူဆချက် အမျိုးမျိုးရှိသည်။ ၎င်းတို့မှာ ထနော့စကားသည် သြစတရို-အာရှဘာသာမျိုးရိုး၊ မွန်-ခမာမျိုးကွဲ၊ ပလောင်-'ဝ'အုပ်စုရှိ ဘာသာစကားဖြစ်သည်။

 

'ဝ'ဘာသာစကားနှင့် နီးစပ်သည်။ မွန်ဘာသာစကား နှင့်နီးစပ်သည်။ တောင်သူစကားနှင့် နီးစပ်သည်။ မွန်-ခမာမျိုးကွဲ၊ ရိအန်အုပ်စုခွဲတွင်းရှိ ယင်းနက်၊ ယင်းကြား ဘာသာစကားနှင့် အနည်းငယ် နီးစပ်သည်။ သီးခြား ဘာသာစကားဖြစ်သည်ဟူသော ယူဆချက်များကို တွေ့ရသည်။ စင်စစ်မှာကား ထနော့ဘာသာစကားသည် ဗမာ၊ ပအိုဝ်း၊ ရှမ်း၊ အင်္ဂလိပ် စသည့် အခြားလူမျိုးတို့၏ ဘာသာစကားများထဲမှ တစ်မျိုးစီအနည်းငယ် ပါဝင်နေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင် လက်ထက်က ဘုရားရှင်၏ ရှေ့မှောက်တွင် လူမျိုး အသီးသီးကို စုဝေးစေပြီး လူမျိုးတစ်မျိုးစီကို ဘာသာ စကားတစ်ခုစီ ပေးသနားခဲ့သည်။ ထိုသို့ ပေးသနားပြီး ကာမှ လူမျိုးတစ်မျိုးလျော့နေသည်ကို သိတော်မူသည့် အခါ ပျောက်ဆုံးနေသော လူမျိုးတစ်ဦးအား သွားရောက် ရှာဖွေရန် စုဝေးနေကြသူများအား မိန့်ကြားတော် မူလိုက်သည်။ ထိုအခါ သွားရောက်ရှာဖွေကြရာ ၎င်းတို့ ထဲမှ လူတစ်ယောက်သည် မြတ်စွာဘုရားရှင်ထံ ဘာသာစကားမယူဘဲ ပျောက်နေသည့် လူမျိုးသည် အိပ်ပျော်နေသည်ကို ဦးစွာတွေ့သွားခဲ့သည်။ ထိုအခါ ထိုအိပ်ပျော်နေသူအား ထ...နော် ဟု နှိုးပြီး ဘုရားရှင်ထံ စေလွှတ်ခဲ့သည်။ ထိုသူ ဘုရားရှင်ရှေ့မှောက်သို့ ရောက်သွားခဲ့ပြီး ၎င်းတို့ လူမျိုးအတွက် ဘာသာစကား တစ်ခုပေးပါရန် လျှောက်ထားရာ၊ ပေးစရာမကျန်တော့ သဖြင့် အခြားလူမျိုးများ၏ ဘာသာစကားများထဲမှ တစ်မျိုးစီ အနည်းငယ်ကို ခွဲဝေပြီး ၎င်းလူမျိုးအား ပေးသနားစေခဲ့သည်။ 

 

ထိုအခါ အခြားလူမျိုးများက ၎င်းတို့၏ ဘာသာ စကားများထဲမှ တစ်မျိုးစီအနည်းငယ်ကို ခွဲဝေပေးလိုက်ရ သည်။ ထို့ကြောင့် ထနော့ဘာသာစကားသည် ဗမာ၊ ရှမ်း၊ အင်္ဂလိပ် စသည့် ဘာသာစကား အနည်းငယ် ပါဝင်နေ သည်။ အနီးကပ်လေ့လာလျှင် သိရှိပါလိမ့်မည်။ ထို့ပြင် ၎င်းလူမျိုးအား ထ...နော် ဟု နှိုးရသည့်အတွက် ထ...နော် ဟု အမည်ပေးခဲ့ကြကြောင်း။ ထ...နော်မှ ထနော်၊ ထနော်မှ ထနော့ ဖြစ်လာသည်ဟူ၍ လည်းကောင်း၊ အိပ်ရာထ နောက်ကျသဖြင့် ထ...နောက် ဟု ခေါ်ရာမှ ထနောက် ထိုမှ ထနော့ ဖြစ်လာသည်ဟူ၍ လည်းကောင်း ထနော့ လူကြီးသူမများက ပြောစမှတ်ရှိသည်။

 

ထနော့လူမျိုးနှင့် အတိတ်သမိုင်း 

 

ထနော့လူမျိုးဆင်းသက်လာပုံနှင့် ပတ်သက်၍လည်း သမိုင်းပညာရှင်တို့၏ အဆိုအမျိုးမျိုးရှိသည်။ ဆာဂျော့ စကော့က ဓနုလူမျိုးနှင့် ထနော့လူမျိုးတို့ကို ရှေးအစဉ် အဆက်ကတည်းက လူမျိုးတစ်မျိုးတည်းဖြစ်သည်ဟု ဆိုထားသည်။ ဂိုင်းလစ်က ဓနုနှင့်ထနော့လူမျိုးတို့သည် ကွဲပြားမှုရှိသည့် လူမျိုးစုများဖြစ်ကြသည် ဟူသော ယူဆချက်ကို တွေ့ရသည်။ မစ္စတာ မော်ဂင်ဝက်ကမူ ထနော့လူမျိုးတို့သည် ပလောင်-'ဝ' အုပ်စုရှိ လူမျိုး ရှစ်မျိုး တွင်ပါဝင်သည် ဆိုထားသည်။ မစ္စတာလူးဝစ်က ဓနုလူမျိုး နှင့် ထနော့လူမျိုးတို့သည် သီးခြားလူမျိုးများဖြစ်ကြသည် ဟု ဆိုထားသည်ကို တွေ့ရသည်။ အချို့ကမူ မွန်ဂိုလီးယား ဘက်မှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ မည်သို့ဆိုစေ ကာမူ ယနေ့ ထနော့လူမျိုးများသည် သီးခြားလူမျိုးအဖြစ် နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည်။ ။ 

 

အရှင်ဆေကိန္ဒ (ထနော့)