ဒေါ်ခင်ခင်ဦး
ဤစာတမ်းသည် ၁၉၆၅ ခုနှစ်က ကယားပြည်နယ်တစ်ရပ်လုံးကို လှည့်လည်၍ ကယား၊ ဂေခို၊ ဂေဘား၊ ပကူးကရင်၊ ပဒေါင်း၊ ပရဲ့ ၊ မနုမနော၊ ယင်းဘော်၊ ယင်းတလဲတို့၏ ယဉ်ကျေးမှုစစ်စစ် တွေ့ရှိနိုင်မည့် ကျေးရွာများကို အထူး အလေးပေးလေ့လာရာမှ ပေါ်ပေါက်လာသော ရလဒ်တစ်ခုဖြစ်သည်။ တိုင်းရင်းသားလူမျိုး ၅၈ ယောက်နှင့် တွေ့ဆုံကာ ယင်းတို့၏ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးဆိုင်ရာ အတွေးအခေါ်တို့ကို မေးမြန်းပြီးနောက် ရရှိသောအချက်အလက်များကို ကယားတိုင်းရင်းသား သုတေသီများနှင့် ထပ်မံညှိနှိုင်း၍ အတည်ပြုချက် ရယူပါသည်။ ဤစာတမ်း၌ တဘူး၏အဓိပ္ပာယ် ကို ရှင်းပြပြီး ကယားပြည်နယ်ရှိ တဘူးများကို ဆွေးနွေးထားပါသည်။ တဘူး များကို မသိခြင်းကြောင့် ကယားပြည်နယ် တိုင်းရင်းသားအချင်းချင်းပင်လျှင် အထင်အမြင် လွဲမှား၍ မနှစ်မြို့ ဖွယ်ကိစ္စများ ပေါ်ပေါက်တတ်ရာ တိုင်းရင်းသား ချစ်ကြည်ရေး၊ စည်းလုံးညီ ညွတ်ရေးရရှိနိုင်ရန် တိုင်းရင်းသားလူမျိုးတစ်မျိုး၏ တဘူးများအပါအဝင် ဓလေ့ထုံးစံများကို သိရှိနား လည်ရန်မှာ အလွန်အရေးကြီးလှပါသည်။
နိဒါန်း
ဤစာတမ်းတင်သွင်းခြင်း၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်အတွက် အထောက်အကူပြုနိုင်မည့် ဓလေ့ထုံးစံ တစ်ခုကို ဖော်ပြခြင်းပင်ဖြစ်ပါသည်။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးတစ်ဦး နှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှုရရှိမှသာလျှင် တိုင်းရင်းသားအချင်းချင်း စည်းစည်း လုံးလုံး နေထိုင်နိုင်ကြပေမည်။ ဤကဲ့သို့ နေထိုင်မှသာလျှင် ဘဝတည်မြဲရေး၊ တိုးတက်ဖွံ့ဖြိုးရေးတို့ကိုလည်း ရရှိနိုင် ပေမည်။ စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည် ရင်းနှီးမှုရရှိစေရန် ယင်းတို့၏ ယဉ်ကျေးမှုကို သိရှိရန်လိုအပ်ပေသည်။ စည်းလုံး ညီညွတ်မှုသည် ပြည်ထောင်စုတစ်ခုလုံးနှင့် ပြည်ထောင်စုသားတစ်ဦးစီအတွက် အလွန်အ ရေးပါ အရာရောက်သော အချက်တစ်ခုဖြစ်ပေရာ မနုဿဗေဒ သုတေသနပြုစုရာတွင် တိုင်းရင်းသားများ၏ စည်းလုံး ညီညွတ်မှု၊ ချစ်ကြည် ရင်းနှီးမှုရရှိစေရန်အတွက် ဦးတည်၍ ယင်းတို့၏ ယဉ်ကျေးမှုများကို ဖော်ထုတ် ပေးရန် ရည်ရွယ်ချက်ဖြင့် ပြုစုခြင်းပင်ဖြစ်ပါသည်။
မနုဿဗေဒပညာအရ ယဉ်ကျေးမှု(Culture)ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ ကျယ်ပြန့်လှပါ၏။ လူ့အဖွဲ့အစည်းတစ်ခု၏ ယဉ်ကျေးမှုဟူရာ၌ ယင်းအဖွဲ့အစည်း တည်ဆောက်ထားပုံ၊ ယင်းအဖွဲ့အစည်း၏ အုပ်ချုပ်ဖွဲ့စည်းပုံ နှင့် တရားဥပဒေထုံးနည်းများ၊ အဖွဲ့သားများ၏ တွေးတောကြံဆပုံ အယူအဆ များနှင့်တကွ အဖွဲ့သားများ၏ ကိုယ်ကျင့်တရားများ၊ ရိုးရာဓလေ့ထုံးစံများအပြင် အဖွဲ့သားတစ်ဦးနှင့်တစ်ဦး ဆက်ဆံ ပေါင်းသင်းပုံ၊ ယင်းအဖွဲ့အစည်း၏ စီးပွားရေး၊လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ သာရေးနာရေး၊ အခမ်းအနားများ၊ ပွဲလမ်းသဘင်အခမ်းအနားများ၊ အနုပညာ၊ ဘာသာစကား၊ တီထွင်ပြုလုပ် သုံးစွဲသည့် အသုံးအဆောင် ပစ္စည်း များမှစ၍ ဆင်ယင်ထုံးဖွဲ့ပုံ အစရှိသည့် ကဏ္ဍအားလုံးကို စုပေါင်းလိုက်မှသာလျှင် ယဉ်ကျေးမှု၏ အဓိပ္ပာယ်သည် ပြည့်စုံပေတော့မည်။ တဘူး (Taboo))သည် ယဉ်ကျေးမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ တဘူး၏ အနက် အဓိပ္ပာယ်ကို ပထမဦးစွာ ရှင်းလင်းဖော်ပြရန် လိုအပ်ပေသည်။
ကပ္ပတိန်ကွတ်(Captain Cook) သည် ၁၇၇၇ ခုနှစ်၌ တတိယအကြိမ်မြောက် ကမ္ဘာလှည့်လည်ရာ ပေါ်လီနီးရှား (Polynesia)ကျွန်းစုအရောက်တွင် ပေါ်လီနီးရှား လူမျိုးများထံမှ တဘူးဟူသော ဝေါဟာရကို ရရှိလာခြင်းဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)