မုံရွာ ၈ ဇွန်
ချင်းတွင်းမြစ်ကြီး ရေရှည်တည်တံ့စွာ ခိုင်မြဲစေရန်နှင့် ရေရှည်အသုံးပြုနိုင်ရေးသည် မြစ်ဝှမ်းဒေသ နေပြည်သူများ၏ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သည့် အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း မြန်မာ့ဝန်းကျင်သိပ္ပံ (Myanmar Environment Institute – MEI)၏ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကြည်၏ ပြောကြားချက်အရ သိရသည်။
“ချင်းတွင်းမြစ်ရေက အခုအချိန်မှာ သောက်သုံးလို့ရတဲ့အနေအထားမှာ ရှိနေသေးတယ်၊ ပြည်သူတွေအနေနဲ့ကတော့ မြစ်ထဲမှာငါးတွေကိုဆေးချပြီးဖမ်းတာ၊ မိုင်းခွဲတာရယ် ဗြုန်းမြေတွေ ပစ်ချတာရယ်က ရေကိုနောက်ကြည့်စေတယ်၊ နောက်ပြီးပြဒါးနဲ့ဖမ်းတာတို့အာစင်းနစ်ဆိုတဲ့ စိန်ဓာတ်(ပြဒါး) ချတဲ့အတွက် မြစ်ကြောင်းကို ညစ်ညမ်းမှု ဖြစ်စေတယ်၊ ဒါတွေကို ရပ်တန့်ဖို့လိုတယ်၊ လက်ရှိအနေအထား ကနေရပ်တန့်သွားအောင်မလုပ်နိုင်ရင်တော့ မကြာတော့တဲ့ ကာလတစ်ခုမှာတော့ ပြောင်းလဲမှုဖြစ်သွားပြီး မြစ်ရေက သောက်လို့မရတဲ့အနေအထားကို ရောက်သွားလိမ့်မယ်”” ဟု မြန်မာ့ဝန်းကျင်သိပ္ပံ(Myanmar Environment Institute – MEI)၏ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကြည်က ပြောသည်။
ချင်းတွင်းမြစ်ဝှမ်းဒေသတွင် (၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်လအထိ) ဇီဝမျိုးစုံ၊မျိုကွဲများနှင့် ဂေဟနစ်ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ သုတေသနကွင်းဆင်းဆောင်ရွက်စဉ် စစ်ဆေးတွေ့ရှိ ချက်များအရ မျိုးသုန်းမဲ့အကောင်များကို လက်ရှိ အနေအထားတွင် ဆက်လက်ထိန်း ထားရန်လိုအပ်ပြီး ထိန်းသိမ်းမှုကို မလုပ်ဆောင်နိုင်ပါက ပျောက်ကွယ်နိုင်ကြောင်း ထိန်းသိမ်းစောင့်ရှောက်ရမည့် လုပ်ငန်းစဉ်များအဖြစ် ကုန်းပေါ်နေမျိုးစိတ်များကို တရားမဝင် အမဲလိုက်ခြင်းကို ကြပ်မတ်ရန်၊ ရေနေမျိုးစိတ်များကို လျှပ်စစ်ရှော့တိုက်ဖမ်းဆီးခြင်း၊ အဆိပ်ချဖမ်းဆီးခြင်းနှင့် မိုင်းဖောက်ခွဲဖမ်းဆီးခြင်းများကို အထူးကြပ်မတ်ရန် လိုအပ်ကြောင်း မြန်မာ့ဝန်းကျင်သိပ္ပံ (Myanmar Environment Institute – MEI) မှ အကြံပြု ထားကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)