မန္တလေး ၈ ဇွန်
မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (မန္တလေး)၏ ဇွန်လ ၁၇ရက်နေ့တွင် ကျရောက်မည့် ၉နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် မသန်စွမ်းသူများအား အထောက်အကူပစ္စည်းများနှင့် ပညာသင်စရိတ်များ ပေးအပ်ထောက်ပံ့မည် ဖြစ်ကြောင်း သိရသည်။
အခမ်းနားတွင် ကိုယ်အင်္ဂါမသန်စွမ်း အသင်းဝင်များအတွက် ဝှီးချဲ၊ ချိုင်းထောက်နှင့် ခြေတုတွင်တပ်သော ခြေဖဝါးများ ထောက်ပံ့ပေးအပ်ရန် စီစဉ်ထားပြီး ကိုယ်အင်္ဂါမသန်စွမ်းအသင်းဝင် ကျောင်းသား၊ ကျောင်းသူများကို စာရေးကိရိယာများနှင့် တစ်နှစ်စာ ပညာရေးထောက်ပံ့ငွေအဖြစ် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် ကျပ် ၂၀ဝ၀ဝ၊ အထက်တန်း ကျောင်းသား၊ကျောင်းသူများအတွက် ကျပ် ၁၀ဝ၀ဝ၊ အလယ်တန်း ကျောင်းသား၊ကျောင်းသူများအတွက် ၇၅၀ဝ ကျပ် နှင့် မူလတန်းကျောင်းသား၊ ကျောင်းသူများ အတွက် ၅၀ဝ၀ ကျပ် ကိုလည်း ထောက်ပံ့ပေးအပ်ရန် စီစဉ်ထားကြောင်း သိရသည်။
' ကိုယ်အင်္ဂါမသန်စွမ်း ကျောင်းသား၊ကျောင်းသူတွေကို ဉာဏ်ရည်အဆင့်တန်းအနေနဲ့ လက်ခံနိုင်တယ်ဆိုရင် သာမန်ကျောင်းသား၊ ကျောင်းသူတွေနဲ့ နည်းတူ ပညာရေးကို လျှောက်လှမ်းစေချင်ပါတယ်'ဟု မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (မန္တလေး) ဥက္ကဌ ဦးစိုင်းအောင်ထက်က ပြောသည်။
မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (မန္တလေး)၏ ၉နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဇွန်လ ၁၇ရက်နေ့ နံနက် ၉နာရီ အချိန်၌ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန် ကိုယ်အင်္ဂါမသန်စွမ်းသူများ စုစည်းတည်ထောင်ထားသော သံစဉ်ပန်းအဖွဲ့က သီဆိုကပြ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ကြောင်း သိရသည်။
အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများကို အခမ်းအနားတွင် လာရောက်လှူဒါန်းနိုင်သကဲ့သို့ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း (မန္တလေး) ဥက္ကဌ ဦးစိုင်းအောင်ထက် ဖုန်းနံပါတ် ဝ၉ ၂၀၃၈၆၄၀ သို့လည်း ဆက်သွယ်လှူ ဒါန်းနိုင်ကြောင်း သိရသည်။
တင်ဇာလှိုင်(ပြန်/ဆက်)