နေပြည်တော် ၈ ဇွန်
(၇၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် ပြပွဲ၊ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၌ ကျင်းပသည်။
အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် ပြပွဲ၊ ဖွင့်ပွဲအခမ်းအနားကို အဆိုပါမော်ကွန်းတိုက်ဦးစီးဌာန၌ ဇွန် ၉ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ ခွဲအထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်)တွင် စာတမ်းဖတ်ပွဲများ၊ အများပြည်သူများနှင့် ကျောင်းသား လူငယ်များမျိုးချစ် စိတ်ဓာတ် ထက်သန်စေရန်ရည်ရွယ်၍ မော်ကွန်းပြခန်းများတွင် နိုင်ငံ့အမွေအနှစ် အထောက်အထား မှတ်တမ်းများကို ခင်းကျင်းပြသသွားမည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးရဲညွန့်က “ပြည်သူလူထုကျောင်း သားကျောင်းသူများ နိုင်ငံ၏သမိုင်းအမွေအနှစ်များ လေ့လာနိုင်ရန် ထိန်းသိမ်းထားရှိပြီး ခေတ်အဆက်ဆက်ထင်ရှားသော မော်ကွန်းမှတ်တမ်းများကို ခင်းကျင်းပြသထားပါတယ်၊ အစောဆုံး အနေဖြင့် မဟာဗန္ဓုလစာပေ (၁၈၂၄) ခုနှစ် အထောက်အထားများဖြစ်တဲ့ ရန္တပိုစာချုပ်၊ ဒုတိယ အင်္ဂလိပ်- မြန်မာစစ်ပွဲချုပ်ငြိမ်းစေတဲ့ အင်းဝနှင့်ချုပ်ဆိုသော ငြိမ်းချမ်းရေးစာချုပ်၊ (၁၈၈၃) ခုနှစ် ပြင်သစ်နှင့် မြန်မာဘုရင်ချုပ် ဆိုသောစာချုပ်၊ ဂျာမန်နှင့် မြန်မာဘုရင်တို့ ချုပ်ဆိုသောစာချုပ်၊ တစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီလက်အောက်ကျရောက်သော အထောက်အထား၊ (၁၉၃၄) ခုနှစ်တွင် ဂျပန်ခေတ် ရွှေရည်စိမ်လွတ်လပ်ရေး ကြေငြာစာတမ်း၊ အောင်ဆန်းအက်တလီစာချုပ်၊ ပင်လုံစာချုပ်၊ (၁၉၄၈) ခုနှစ် လွတ်လပ်ရေးကြေငြာစာတမ်း စသဖြင့် စာချုပ်များလည်း ခင်းကျင်း ပြသထားပါတယ်။
ဆက်လက်၍ မှတ်တမ်းမော်ကွန်း ဖိုင်တွဲများအနေနဲ့ကတော့ အောက်မြန်မာပြည်တွင် ဗြိတိသျှတို့၏ စီမံခန့်ခွဲမှုတည်ဆောက်ရေးမော်ကွန်းများ၊ ဒုတိယမြန်မာစစ်ပွဲအပြီး နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုမော်ကွန်းများ၊ အောက်မြန်မာပြည် ဗြိတိသျှအစိုးရနှင့် မြန်မာမင်းတို့အကြား သံတမန်ဆက်ဆံရေးမော်ကွန်းများ၊ ဗြိတိသျှကိုလိုနီခေတ်မြန်မာပြည်၏ စီးပွားရေးအခြေပြ မော်ကွန်းများ၊ ရှမ်းပြည်နယ်အား ဗြိတိသျှတို့သိမ်းသွင်းသည့် မော်ကွန်းများ၊ ဗြိတိသျှ ကိုလိုနီခေတ် ရွှေတိဂုံဘုရားနှင့် ပတ်သက်သည့် မော်ကွန်းများ၊ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး တိုင်းရင်းသားများ၏ နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုမော်ကွန်းများနှင့် သီပေါမင်းမိဖုရား၊ ဆွေတော်မျိုးတော်တို့နှင့် ပတ်သက်သည့် မော်ကွန်းများကို နေပြည်တော် နှင့် ရန်ကုန်မြို့တို့တွင်လည်း ခင်းကျင်းပြသထားသည်ဟု ” ရှင်းလင်းဖြေကြားသည်။
မွှေးကြူဇင်