ဘားအံ ၉ ဇွန် 

ကရင်ပြည်နယ် ဘားအံမြို့ ကမ်းနားလမ်းတိုးချဲ့ခြင်းနှင့် သာယာလှပရေးစီမံကိန်း ဆောင်ရွက်ပြီးစီးမှုနှင့်   ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ   လွှဲပြောင်းအပ်နှံမည့် အစီအစဉ်များအား တင်ဒါအောင်မြင်တာဝန်ယူ တည်ဆောက်သည့် UHM ကုမ္ပဏီမှ   သတင်းမီဒီယာများအား    ချပြခြင်းအခမ်းအနားကို  ဇွန်၇ ရက် နံနက် ၁၀ နာရီက ဘားအံမြို့  တော်ဝင်ရတနာဟိုတယ်တွင် ပြုလုပ်သည်။

အဆိုပါ ဘားအံမြို့ ကမ်းနားလမ်းအဆင့်မြှင့်တင်တိုးချဲ့ခြင်းနှင့် သာယာလှပရေးစီမံကိန်းအား B.O.T စနစ်ဖြင့် ဆောင်ရွက်မည့် တင်ဒါဖွင့်ပွဲကို မေ ၁၆ ရက်က ဇွဲကပင်ခန်းမတွင်ကျင်းပရာ  UHM ကုမ္ပဏီက တင်သွင်းအောင်မြင်ခဲ့သည်။ ထို့ကြောင့် သံလွင်မြစ်အလှတရားများကို မြို့နေပြည်သူလူထု အပြည့်အဝရရှိခံစားနိုင်စေရန်၊ ကမ်းနားလမ်းအမှတ်အသားတစ်ခု ပေါ်ပေါက်လာစေရန်နှင့်   ပြည်တွင်း၊  ပြည်ပခရီးသွားလုပ်ငန်း   တိုးတက်လာစေရန်ရည်ရွယ်ကာ သံလွင်မြစ်ကမ်းဘေး   ဘားမဲ့တောင်မှ  ရွှေယဉ်မျှော်စေတီအထိ  ပေ ၆၀ဝဝ ကျော်ကို ကမ်းနားလမ်းသာယာလှပရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

UHM ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းအောင်ရွှေက “ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ချက်အမှန်နဲ့ အစိုးရအဖွဲ့ရဲ့ ထိန်းကျောင်းမှုတွေနဲ့ အပြည့်အဝဆောင်ရွက်နေခြင်းဖြစ်ပြီး  မလိုလားအပ်တဲ့  လူမှုကွန်ရက်အပေါ်မှာ  ဝေဖန်မှုတွေကြောင့်  နှောင့်နှေးကြန့်ကြာမှုတွေ  မဖြစ်ပေါ်စေဖို့ပြည်နယ်ဖွံ့ဖြိုးရေးအတွက်  လုပ်ငန်းမပျက်စီးဖို့ ချပြခြင်းဖြစ်ပါတယ်”  ဟုပြောကြားသည်။

အဆိုပါ စီမံကိန်းတွင် ၂၄ ပေအကျယ်လမ်းအား ၁၀ ပေတိုးချဲ့လမ်းဆောင်ရွက်ခြင်းလုပ်ငန်း၊ ရွှေယဉ်မျှော်ဘုရားအရောက်သွားနိုင်သည့် ဆက်စပ်ကမ်းနားလမ်း၊ အများပြည်သူ အနားယူအပန်းဖြေနိုင်မည့်နေရာ၊ ရေပန်းဥယျာဉ်အလှ၊ ကမ်းနားလမ်းရေပေါ်ညဈေး၊ ရွှေယဉ်မျှော်ဘုရားနားပန်းခြံငယ်၊ လမ်းမီးများထွန်းညှိခြင်းလုပ်ငန်းများ၊  အကျိုးတူရင်းနှီးမြှုပ်နှံမည့်  လုပ်ငန်းများအဖြစ်ဈေးဆိုင်ခန်း၊ ဘက်စုံသုံးခန်းမနှင့် River View Hotel တို့ကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းနှင့်     ကစားကွင်း (သဲကွင်း)၊    ရေပေါ်ညဈေးများပါဝင်ပြီး စီမံကိန်းကာလမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ လေးနှစ်ကြာမြင့်မည်ဖြစ်သော်လည်း မကြာမီ ရေပေါ်ညဈေးအား ကရင်ပြည်နယ်အစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးသွားနိုင်ရေး စီစဉ်ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)