အန်ကာရာ ၉ ဇွန်
ယခုလကုန်မှစကာ အမေရိကန်လုပ် F-35 ဂျက်လေယာဉ်များနှင့် တူရကီလေယာဉ်မှူးများအား လေ့ကျင့်ပေးနေမှုများကို ရပ်တန့်တော့မည်ဟု အမေရိကန်ဘက်မှ သတိပေးထားသည်။ ရုရှားထံမှ လေကြောင်းကာကွယ်ရေးစနစ်ကို တူရကီက အသုံးပြုရန်စီစဉ်မှုကြောင့် တူရကီနှင့် အမေရိကန်တို့ကြား သဘော ထားတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။
ရုရှားနိုင်ငံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို တူရကီမှ အသုံးပြုခြင်းသည် အမေရိကန် ဂျက်လေယာဉ် F-35 ကို ခြိမ်းခြောက်မှုပြုနေသည်ဟု အမေရိကန်ဘက်က တစ်ထစ်ချ ပြောဆိုခဲ့သည်။ တူရကီဘက်မှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရယူမည့်အစီအစဉ်ကို မစွန့်လွှတ်သေးသရွေ့ လေယာဉ်များ တူရကီသို့ ပေးပို့မည့်အစီအစဉ်ကို ရပ်ဆိုင်းထားမည်ဟု အမေရိကန်ဘက်မှ ဆုံးဖြတ်ချက်ချခဲ့သည်။
အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး ပတ်ထရစ်ရှာနာ ဟန်က တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာထံသို့ ပေးပို့ခဲ့သည့်စာကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ တူရကီသည် S-400 နှင့်F-35 ကို တစ်ပြိုင်နက် ရယူရန်မှာ မဖြစ်နိုင်ကြောင်း အမေရိကန် ဘက်မှ ပြောကြားခဲ့သည်။ တူရကီကာကွယ်ရေးဝန်ကြီးထံ ပေးပို့ခဲ့သည့်စာတွင် အမေရိကန်ရှိ တူရကီလေယာဉ်မှူးများမှာ ဇူလိုင် ၃၁ ရက်မှ စတင်ကာ F-35 ဂျက်လေယာဉ်များနှင့် လေ့ကျင့်မှု ပြုလုပ်ခွင့်ရတော့မည် မဟုတ်ကြောင်း ပါရှိသည်။
အကယ်၍ တူရကီနိုင်ငံဘက်မှ ရုရှား S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို အသုံးပြုခဲ့ပါက F-35 နှင့် ပတ်သက်သည့် စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ရုရှားထံ ပေါက်ကြားသွားမည်ကို အမေရိကန်ဘက်မှ စိုးရိမ်လျက်ရှိသည်။
ရုရှားလေကြောင်း ကာကွယ်ရေးစနစ်ကို တူရကီမှ အသုံးပြုရန် စီစဉ်ခြင်းကြောင့် နေတိုးမဟာမိတ်နှစ်နိုင်ငံဖြစ်သည့် တူရကီနှင့် အမေရိကန်တို့ကြား စိတ်ဝမ်းကွဲမှုများ ပိုဆိုးလာခဲ့သည်။
အင်န်အိတ်ချ်ကေ