နေပြည်တော် ၉ ဇွန် 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်ကာကွယ်ထားဆီးရေးအဖွဲ့မှ ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၂) ကြိမ်မြောက် ပန်းချီ၊ ကာတွန်၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ အမှတ်(၂) အခြေခံပညာအထက်ကျောင်းတွင် ကျင်းပသည်။

 

7

 

ပြိုင်ပွဲကျင်းပရာသို့ နေပြည်တော် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်ကာကွယ်ထားဆီးရေးအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အတိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မူးယစ်တပ်ဖွဲ့စု(၁၀၁)နေပြည်တော်မှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှု့အားပေးကြသည်။

 

10

 

အဆိုပါပြိုင်ပွဲတွင် နေပြည်တော်အတွင်းရှိ မြို့နယ်ပေါင်းစုံအခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ပန်းချီ(၆၇)ဦး၊ ကာတွန်(၃၇)ဦး၊ ပိုစတာ(၃၃)ဦးနှင့် ကွန်ပျူတာပန်းချီ(၁၂)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်သူ(၁၄၉)ဦးတို့သည် ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အတွက်သတ်မှတ်ထားသည့် ဆောင်ပုဒ်များဖြစ်သော “အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့’’၊ “အပေါင်းအသင်းရွေးချယ်ပါ”၊ “ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ မူးယစ်ရန်မီး ငြိမ်းသတ်စို့’’၊ “နိုင်ငံကိုချစ် လူမျိုးချစ်၊ မူးယစ်မှန်သမျှတိုက်ဖျက်ပစ်”၊ “မျိုးဆက်သစ်ဘဝ လှပဖို့၊ မူးယစ်ဟူသမျှ ရှောင်ရှားစို့”နှင့် “ဦးစွာနားထောင်ပါ” စသည့်ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၂)ကြိမ်မြောက် ပန်းချီ၊ ကာတွန်၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် ယခင်နှစ်များက ကွန်းပျူတာပန်းချီဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား၊ ကျောင်းသူမရှိခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူ(၁၂) ဦးဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းနှင့် ပြိုင်ပွဲအားလုံးတွင် ဆုရရှိသူများအား ဇွန် ၂၆ ရက်နေ့တွင် ဆုများချီမြှင့်ပေးသွားမည့်ဖြစ်ကြောင်း နေပြည်တော် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်ထားဆီးရေးအဖွဲ့ထံမှ သိရသည်။

စိုးမိုး(ပြန်/ဆက်)