ကျောက်ဆည် ၉ ဇွန်
၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအတွက် အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် (ငွေလုံးငွေရင်း)ပေးအပ်ခြင်းကို ဇွန် ၈ ရက်က ကျောက်ဆည်မြို့နယ် အေသုံးလုံး ဘိလပ်မြေစက်ရုံ အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် အေသုံးလုံး ဘိလပ်မြေစက်ရုံမှ ကျောက်ဆည်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဖြစ်သူ ဦးသက်နိုင်စိုးအား အလုပ်ခွင်တွင် ထိခိုက်မှုဖြစ်ခဲ့ပြီး အလုပ်မလုပ်နိုင်သော အခြေအနေတွင် ရှိနေသဖြင့် လုပ်အားဆုံးရှံးမှု ရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေကျပ် ၁၃၆၄၅၈၀ဝ ကို ဦးသက်နိုင်စိုး လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းတာဝန်ခံအရာရှိ ဒေါ်နှင်းနှင်းဦးက နိုင်ငံတော်မှ ပြဌာန်းထားသော လူမှုဖူလုံရေး ဥပဒေများအကြောင်းကို တက်ရောက်လာကြသည့် စက်ရုံမှ တာဝန်ရှိသူများ၊ အလုပ်သမား အဖွဲ့ခေါင်ဆောင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သက်မောင် (ပြန်/ဆက်)