ရန်ကုန် ၉ ဇွန်
PTT Oil and Retail Business Public Comapany Limited နှင့် ကမ္ဘောဇအုပ်စုဝင်ကုမ္ပဏီဖြစ်သည့် Brighter Energy Company Limited နှင့် Brighter Energy Retail Company Limited တို့၏ မြန်မာနိုင်ငံအတွင်း ဆီသိုလှောင်ကန်နှင့် စက်သုံးဆီလက်လီဆိုင်များ အကျိုးတူပူးပေါင်းဆောင်ရွက်မှု အခမ်းအနားကို ဇွန် ၉ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Lotte Hotel Crustal Ballroom ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး၊ PTT Public Company Limited(PTT) ၏ ဉက္ကဋ္ဌ Mr Chansin Treenchagron PTT Oil and Retail Business Public Company Limited(PTTOR) ၏ ဉက္ကဋ္ဌ Mr.Auttapol Rerkpiboon နှင့် ဘုတ်အဖွဲ့ဝင်များ၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဉက္ကဋ္ဌနှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ သံအမတ်ကြီးများ၊ Brighter Energy မှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဉီးစွာ ကုမ္ပဏီလုပ်ငန်းအကြောင်းကို တက်ရောက်လာသူများအား ဗွီဒီယိုဖြင့်ရှင်းလင်း တင်ပြသည်။
ထို့နောက် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Ms.Suphatra Srimaitreephithak၊ UMFCCI ဉက္ကဋ္ဌ ဉီးဇော်မင်းဝင်း၊ ကမ္ဘောဇအုပ်စု၏ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဉီးညိုမြင့်၊ PTT ဉက္ကဋ္ဌ Mr. Chansin Treenuchagron နှင့် PTTOR ဉက္ကဋ္ဌ Mr.Auttapol Rerkpiboon တို့က အမှာစကားပြောကြားသည်။
ဆက်လက်၍ ဆီသိုလှောင်ကန်လုပ်ငန်း အကျိုးတူဖွံ့ဖြိုးရေးအတွက် ကမ္ဘောဇ အုပ်စုဝင် ကုမ္ပဏီဖြစ်သော Brighter Energy Company Limited နှင့် PTTOR တို့ သဘောတူလက်မှတ်ရေးထိုးကြပြီး စက်သုံးဆီလက်လီဆိုင်များဆောင်ရွက်သွားရန်အတွက် PTTOR နှင့် Brighter Energy Retall Company Limited တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခုကဲ့သို့ လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ အကြီးဆုံးဖြစ်လာမည့် ဆီသိုလှောင်ကန်နှင့် မီးဖိုချောင်သုံးဓာတ်ငွေ့ရည် (LPG) သိုလှောင်ကန်ကို ၂၀၂၁ ခုနှစ် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ စက်သုံးဆီများ လက်လီရောင်းချမည့် PTT Station စက်သုံးဆီဆိုင်ပေါင်း (၇၀) ကို ၂၀၂၃ ခုနှစ် မတိုင်မီ နိုင်ငံအနှံ့အပြားတွင် တိုးချဲဖွင့်လှစ်သွားနိုင်ရန် ရည်မှန်းထားပြီး နိုင်ငံတကာအဆင့်မီ အရည်အသွေး၊ မှန်ကန်တိကျသော အချိန်အတွယ်နှင့် သင့်တင့်မျှတသော ဈေးနှုန်းတို့ဖြင့် ပြည်သူများအား ရောင်းချသွားမည်ဖြစ်ကြောင်း၊
အဆိုပါ PTT Station စက်သုံးဆီဆိုင်များတွင် Café Amazon ကော်ဖီဆိုင်၊ မီနီမတ်၊ ကားအင်ဂျင်ဝိုင်ဆားဗစ်၊ ငွေလဲကောင်တာနှင့် အများပြည်သူနာနေခန်း စသည့် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားတိုးတက်လာစေရန် ဒေသခံ SME လုပ်ငန်းများဖြင့်လည်း ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
PTT Oil and Retail Business Public Company Limited (PTTOR) သည် ထိုင်းနိုင်ငံပိုင် PTT Public Company Limited (PTT) Group ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး PTT Group ၏ အဓိကအားထားရသော ရေနံနှင့် LPG ဖြန့်ချိရေးကုမ္ပဏီ တစ်ခုဖြစ်သည်။ PTTOR သည် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် PTT Station စက်သုံးဆီဆိုင်ပေါင်း ၂၀ဝ၀ ကျော် ဖွင့်လှစ်ထားပြီး ဖြစ်သည်။
ကမ္ဘောဇအုပ်စုသည် နိုင်ငံတော်အတွက် အကျိုးပြုသည့် စီးပွားရေးလုပ်ငန်းများကို ရွေးချယ်လုပ်ကိုင်ခဲ့ရာတွင် ငွေးကြေးကဏ္ဍတွင် ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ အရင်းအနှီးဈေးကွက်ဝန်ဆောင်မှုလုပ်ငန်း (Securities)၊ အသေးစားငွေချေးလုပ်ငန်း စသည့်လုပ်ငန်းများတွင် ဦးဆောင်လုပ်ကိုင်လျက်ရှိပြီး လေကြောင်း၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ ကုန်သွယ်ရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ ကျန်းမာရေး၊ နည်းပညာဆိုင်ရာလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည်။
လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့်အလျောက် နိုင်ငံတော်၏ အခွန်ကို ၇ နှစ်ဆက်အများဆုံး ပေးဆောင်ထားခဲ့သည်။ ပြည်သူနှင့် လူမှုအဖွဲ့အစည်းများ၏ လိုအပ်ချက်များအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ယနေ့အထိ ကျပ် (၁၅၅) ဘီလျံလှူဒါန်းထားပြီးဖြစ်သည်။
“အရင်က ကမ္ဘောဇအုပ်စုပိုင် နီလာရိုးမစက်သုံးဆီဆိုင်တွေကို နိုင်ငံအနှံ့အပြားမှာ ဖွင့်လှစ်ပြီး လက်လီရောင်းချခဲ့ရာက ယခုအခါ စက်သုံးဆီကဏ္ဍဟာ နိုင်ငံတော်စီးပွားတိုးတက်ဖွံ့ဖြိုးရေးနဲ့ အများပြည်သူ သက်သာချောင်ချိရေးအတွက် အဓိကအရေးပါပြီး နိုင်ငံတော်ကလည်း အားပေးအထောက်အကူ ပြုတဲ့အတွက် လက်လီအဆင့်ကနေ လက်ကားအဆင့်ကို တိုးတက်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့အညီ ဝန်ဆောင်မှုအပြည့် အဝပေးနိုင်ဖို့အတွက် Brighter Energy ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နိုင်ငံတော်ရဲ့ မူဝါဒနဲ့အညီ ကမ္ဘာအဆင့်မီ PTT အဖွဲ့အစည်းနဲ့ ချိတ်ဆက်ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ကမ္ဘောဇအုပ်စု၏ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်က ပြောသည်။
(သတင်းစဉ်)