၉ ဇွန် 

 

မြန်မာ ယူ-၁၅ အမျိုးသားအသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲနှစ်ခုအတွက် ပြင်ဆင်လျက်ရှိပြီး အာဆီယံနှင့် အာရှဒေသတွင်း အဆင့်မြင့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၁၅ အမျိုးသားအသင်းနည်းပြချုပ်အဖြစ် တာဝန်ပေးထားသည့် ဂျပန်လူမျိုး တာကူမူနှင့် လမ်းခွဲခဲ့ပြီး ၎င်းနေရာတွင် အစားထိုးရန် ပြည်ပနည်းပြများကို လျှောက်လွှာခေါ်ယူထားပြီး သင့်တော်မည့်နည်းပြများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နည်းပြသစ်ကို အမြန်ဆုံးခန့်အပ်မည်ဖြစ်ပြီး အနီးစပ်ဆုံးယှဉ်ပြိုင်ရမည့် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲကို ဇူလိုင်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။ 

 

မြန်မာ ယူ-၁၅ အမျိုးသားအသင်းကို မတ်လတွင် ပြန်လည်ဖွဲ့စည်း ခဲ့ပြီး ဧပြီလအတွင်း ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲနှစ်ခုတွင် ရလဒ်မကောင်းခဲ့သောကြောင့် နည်းပြချုပ် တာကူမူနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ပြီး တရုတ် ယူ-၁၆ ဖိတ်ခေါ်ပြိုင်ပွဲနှင့် ဟောင်ကောင် ယူ-၁၅ ဖိတ်ခေါ် ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၅ အသင်းယှဉ်ပြိုင်မည့် ပြိုင်ပွဲများအနက် ၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲကို ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၉ ရက်၊ ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲကို စက်တင်ဘာ ၁၄ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

အာဆီယံ ယူ-၁၅ ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (က) တွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တီမော၊ စင်ကာပူ၊ ဖိလစ်ပိုင်တို့နှင့် ကျရောက်နေပြီး အာရှ ယူ-၁၆ ခြေစစ်ပွဲတွင်မူ အုပ်စု (K) ၌ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်တိုင်ပေတို့နှင့်အတူ ပါဝင်နေသည်။ အာရှခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ