ရန်ကုန် ၉ ဇွန်
အင်းစိန်ဗဟိုအကျဉ်းထောင်မှ ၂၀၁၉ ခုနှစ် မတ်လတွင်ကျင်းပသော တက္ကသိုလ်ဝင်စာမေးပွဲကို အကျဉ်းသား/ အကျဉ်းသူ (၇၁)ဦး ဝင်ရောက်ဖြေဆိုကြရာ ကျား ၄၉ ဦး + မ ၁ ဦးအောင်မြင်သည်။ အင်းစိန်အကျဉ်းထောင် စာစစ်ဌာနမှ ၃ ဘာသာဂုဏ်ထူးဖြင့် ၄ ဦး ၊ ၂ ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ ၁၀ ဦး၊ ၁ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၃ ဦး၊ ရိုရိုးအောင်မြင်သူ ၂၃ ဦး စုစုပေါင်အောင်မြင်သော အကျဉ်းသားဦးရေမှာ (၅၀)ဦး ဖြစ်ကြောင်းနှင့် ရာခိုင်းနှုန်းအားဖြင့် (၇၁ ဒသမ ၂၃) ရာခိုင်နှုန်း အောင်မြင်မှုရရှိကြောင်း အင်းစိန်အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးထံမှ သိရသည်။
၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်အကျဉ်းစခန်းမှ ဖြေဆိုရန်ရှိ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံနေရသော အကျဉ်းသား ကျောင်းသား/ကျောင်းသူများအား အင်းစိန်မြို့နယ်ပညာရေးမှူးရုံး ဒုတိယ မြို့နယ်ပညာရေးမှူး ဦးစီးသော ဆရာ/ဆရာမများ အ.လ.က(၁၃) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများ အ.ထ.က(၂ ) နှင့် အ.ထ.က( ၆ ) ဆရာ/ဆရာမများ၊ အောင်ပြည့်စုံ ကိုယ်ပိုင်အထက်တန်းကျောင်း မှ ဆရာ/ဆရာမများ၊ မင်္ဂလာကျောင်းပရဟိတစာသင်ဝိုင်းမှဆရာ/ဆရာမများ က စေတနာ အလျောက် သင်ကြားပေးခဲ့ပြီး အင်းစိန်ထောင်ပိုင်ကြီး ဦးဇော်ဇော်၏ သွန်သင်ဆုုံးမမှုများကြောင့် အောင်ချက်ကောင်းကောင်းနှင့် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း ဆရာမတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
"ခုလိုမထင်မှတ်တဲ့ အောင်ချက်ရာခိုင်နှုန်း ( ၇၁ ဒသမ ၂၃ ရာခိုင်နှုန်း )ဖြစ်ခဲ့တဲ့ အတွက် အောင်မြင်သော အကျဉ်းသား ကျောင်းသား/ကျောင်းသူလေးများနဲ့ စေတနာအလျောက် အခမဲ့ သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမ အားလုံး ကို ယခုလထဲမှာပဲ အခမ်းအနားနဲ့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုသွားမှာဖြစ်ပါတယ်၊ ကျွန်တော်တို့လိုပဲ မန္တလေးအကျဉ်းဦးစီးကလည်း ၂ ဘာသာ ဂုဏ်ထူးနဲ့ ၃ ဦး၊ ၁ ဘာသာဂုဏ်ထူးဖြင့် ၁၁ ဦး အောင်မြင်ခဲ့ကြပါတယ်။ တောင်ငူ၊ ဘားအံ့၊ လွိုင်ကော်၊ မြိတ်၊ သရက်၊ ကသာ နဲ့ မုံရွာ အကျဉ်းဦးစီးများမှာလည်း တက္ကသိုလ်ဖြေဆိုသူတွေရှိကြပါတယ်" ဟု ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ထပ်မံပြောသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)