ကိုလံဘို    ၁၀ ဇွန်   

သီရိလင်္ကာ သမ္မတ မိုင်သရီပါလာဆီရီဆီနာအနေဖြင့်  အီစတာပွဲတော် အသေခံဗုံးခွဲတိုက်ခိုက်မှုမတိုင်မီ လုံခြုံရေးဆိုင်ရာ လစ်ဟင်းမှုနှင့်ပတ်သက်၍ အငြင်းပွားဖွယ် စုံစမ်းစစ်ဆေးမှုကို တမင်တကာဖျက်ဆီးခြင်းမပြုရန် သီရိလင်္ကာ ပါလီမန်လွှတ်တော်က သတိပေး လိုက်ကြောင်း သိရသည်။

သမ္မတ ဆီရီဆီနာက ပါလီမန်လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုတွင် မပူးပေါင်းနိုင်ကြောင်းနှင့် ရွေးချယ်ရေးကော်မတီရှေ့တွင် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများ သို့မဟုတ်  ရဲတပ်ဖွဲ့ အရာရှိများကို စုံစမ်းစစ်ဆေးခွင့်မပြုနိုင်ကြောင်း  ပြောကြားလိုက်ပြီးနောက်တွင်  ပါလီမန်လွှတ်တော်က  ထိုသို့သတိပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၂၁ ရက်တွင်ဖြစ်ပွားခဲ့သည့် အီစတာပွဲတော် တိုက်ခိုက်မှုအတွင်း  ဥပဒေပြုလွှတ်တော်၏ စုံစမ်းစစ်ဆေးမှုကို ကန့်ကွက်ရန်        သမ္မတက      ဇွန်  ၇  ရက်  ညက      အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့သည်။ အီစတာပွဲတော်တိုက်ခိုက်မှုအတွင်း  ပြည်သူ  ၂၅၈  ဦးသေဆုံးခဲ့ပြီး  သေဆုံးသူများအနက် နိုင်ငံခြားသား  ၄၅  ဦး    ပါဝင်ခဲ့သည်။    ဒဏ်ရာရရှိသူ    အရေအတွက်မှာ ၅၀ဝ နီးပါးဖြစ်သည်။

ရွေးချယ်ရေးကော်မတီက ဆင့်ခေါ် ခြင်းခံရသည့် ပြည်သူ့ ဝန်ထမ်းတိုင်းသည် သက်သေပြရန်တာဝန်ရှိကြောင်း  ဥပဒေပြု လွှတ်တော်ဥက္ကဋ္ဌ ကာရူဂျာယာစူရီယာက  သမ္မတ ဆီရီဆီနာထံသို့  ပြောကြားခဲ့သည်။  အာဏာပိုင်များအနေဖြင့်  တုံ့ပြန်ရန် ပျက်ကွက်ခဲ့ပါက  ပြင်းထန်သည့်နောက်ဆက်တွဲအကျိုးဆက်များကို သတိပြုမိပြီးဖြစ်ကြောင်းနှင့် ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌ ဂျယာစူရီယာအနေဖြင့် ဝန်ထမ်းရွေးချယ်ရေးအဖွဲ့ကို ရပ်ဆိုင်းမည်မဟုတ်ကြောင်း၊ အများပြည်သူဆိုင်ရာ ကြားနာစစ်ဆေးမှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဂျာယာစူရီယာ၏  ရုံးအဖွဲ့အာဏာပိုင်များက ပြောကြားခဲ့သည်။

အေအက်ဖ်ပီ