၁၀ ဇွန်


မန္တလေးတက္ကသိုလ်ဟာ မြန်မာလူမျိုးများရဲ့ ဝံသာနုစိတ်နဲ့ ဇာတိမာန် သက်သက်ကတစ်ဆင့်  အမြော်အမြင်ကြီးစွာ ပေါ်ပေါက်ခဲ့ရတဲ့ မြန်မာတွေ မျိုးစေ့ချ၊ ပျိုးထောင်၊ ပေါင်းသင်၊ ရှင်သန်၊ ကြီးထွား၊  ပွင့်လန်းခဲ့တဲ့ မြန်မာအမျိုးသား တက္ကသိုလ်ကြီးဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ တက္ကသိုလ်အက်ဥပဒေကို မကျေနပ်လို့  ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေစတင်ခဲ့တဲ့  သပိတ်တိုက်ပွဲရဲ့  အသီးအပွင့်လည်း ဖြစ်ပါတယ်။  ဒီအသီးအပွင့်ကြောင့် ၁၉၂၅ ခုနှစ်မှာ မန္တလေးမြို့မိမြို့ဖများအားထုတ်မှုနဲ့ မန္တလေးဥပစာကောလိပ်  ဖွင့်လှစ်ခွင့်ရခဲ့တယ်။  

 

ပထမကျောင်းသားသပိတ် 


၁၉၂၀   ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြီး  စတင်ပေါ်ပေါက်လာခဲ့ပြီးနောက်  အမျိုးသားကျောင်း၊  အမျိုးသားကောလိပ်နဲ့ အမျိုးသားပညာရေး တောင်းဆိုမှုတွေနဲ့အတူ    အထက်ဗမာပြည် မန္တလေးမြို့မှာလည်း ဥပစာကောလိပ်တစ်ခုဖွင့်လှစ်ပေးဖို့ မန္တလေးမှာရှိကြတဲ့ ဗဟိုစည်ဦးဘဦး၊ ကျောက်စာဝန်တော်စိန်ခိုနှင့် ရသေ့ကြီးဦးခန္တီတို့ ဦးဆောင်ပြီး မန္တလေးမြို့လူထုက တောင်းဆိုကြပါတယ်။ အကယ်၍ အင်္ဂလိပ်အစိုးရက မလိုက်လျောရင် မန္တလေးမြို့လူထုအနေနဲ့ ကိုယ့်အလှူငွေနဲ့ကိုယ်၊ ကိုယ့်မြို့မှာ ကိုယ့်ကောလိပ် ကိုယ်ကိုယ်တိုင်ဖွင့်ကြမယ်လို့ တင်ပြလာကြတယ်။ နိုင်ငံရေးမျက်နှာစာမှာလည်း ဂျီစီဘီအေ ဦးချစ်လှိုင်က ဦးဆောင်ပြီး တောင်းဆိုကြတယ်။ တစ်ဆက်တည်း ဝံသာနုခေါင်းဆောင် ဦးဘဘေက ဥပဒေပြုကောင်စီမှာ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ဖို့ ဥပဒေအကြမ်းတင်ခဲ့တယ်။

 

အထက်ဗမာပြည်အတွက် ဥပစာကောလိပ်


ပထမအဆင့်အနေနဲ့ ၁၉၂၄ခု ဧပြီလမှာ အစိုးရက ဥပေဒကို ပြင်ဆင်ဖို့ အတည်ပြုပေးခဲ့ရတယ်။ ဒါ့အပြင် ၁၉၂၄ ခု ပြင်ဆင်ချက်ဥပဒေအရ အထက်ဗမာပြည်မှာ ဥပစာကောလိပ်ကို စတင်ဖွင့်လှစ်ဖို့ ကော်မတီဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါကြောင့် အထက်ဗမာပြည်အတွက် ဥပစာကောလိပ်ကို မန္တလေးမြို့တောင်ပြင် ဗောဓိကုန်းရပ်ကွက်မှာရှိတဲ့ သိပ္ပံကျောင်းဝင်းထဲက တစ်ထပ်အုတ်တိုက်နီကလေးမှာ ၁၉၂၅ ဇူလိုင် ၄ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အခု မန္တလေးတက္ကသိုလ်ဝင်းထဲ အဝင်ဝမုခ်ဦးအကျော်လမ်းအရှေ့ဘက် အုတ်တိုက်နီလေးပါ။ တက္ကသိုလ်သက်တမ်းတစ်လျှောက်လုံး အင်ဂျင်နီယာရုံးအဖြစ် ဖွင့်လှစ်ခဲ့တဲ့ နေရာလေးပါပဲ။ တန်ဖိုးထားတတ်မယ်ဆိုရင် ဒီအဆောက်အအုံလေးကို ပြတိုက်အဖြစ်ထိန်းသိမ်းထားရမှာပါ။ အခုတော့ ဥပေက္ခာပြုထားကြလို့ မကြာခင် ပျက်စီးတော့မယ်။ လက်ရှိမြင်နေရတဲ့ မန္တလေးတက္ကသိုလ်    ပင်မအဆောက်အအုံကြီးကတော့  ၁၉၂၁ ခုနှစ်မှာ အုတ်မြစ်ချပြီး ၁၉၂၄ ခုနှစ်မှာ စိုက်ပျိုးရေးသိပ္ပံရုံးအဖြစ် ဖွင့်လှစ်ခဲ့တာပါ။

 

မန္တလေးဥပစာကောလိပ် ပိတ်ပင်ရေးအစီအစဉ် 


မန္တလေးဥပစာကောလိပ်စဖွင့်တော့  ကျောင်းသူနှစ်ယောက်အပါအဝင် ကျောင်းသား ၃၁ ယောက်ရှိတယ်။ ဖွင့်လို့တစ်နှစ်အကြာ ၁၉၂၆ ခုနှစ် ဩဂုတ်လ ရောက်တော့ ဥပဒေပြုကောင်စီမှာ ရွှေတောင်ကြားပါတီက မန္တလေးဥပစာကောလိပ်က  ကျောင်းသား နည်းလို့ ပိတ်ပါဆိုပြီးအဆိုတင်တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ မန္တလေးဥပစာကောလိပ်    ပိတ်ပင်ရေးအစီအစဉ်ကတော့ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲအနေနဲ့ နောက်မဆုတ်ဘူး။ ၁၉၃၀ ပြည့်နှစ်ရောက်တော့  မန္တလေးဥပစာ ကောလိပ်ပိတ်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး မန္တလေးမြို့ မြို့မိမြို့ဖတွေကလည်း ကန့်ကွက်ကြတယ်။  အိမ်တော်ရာ၁၄ခန်း ဇရပ်မှာလည်း  ကျောင်းသားတွေက ရဟန်းပျိုသမဂ္ဂ၊ ဈေးချိုတော်၊ မန္တလေးမြို့ခံတွေနဲ့အတူ ကန့်ကွက်သပိတ်မှောက်ကြတယ်။ ဒါကြောင့် မန္တလေးဥပစာ ကောလိပ်ပိတ်ရေးကိစ္စဟာ အောင်မြင်မသွားခဲ့ပါဘူး။ အင်္ဂလိပ်အစိုးရအနေနဲ့ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲကြောင့် အကျပ်အတည်း ကျရောက်နေတာကြောင့်လည်းဖြစ်ပါတယ်။ ဒီလိုနဲ့စစ်ကြီး  ဖြစ်ပွားတော့ ဖွင့်လှစ်ဆဲ မန္တလေးဥပစာကောလိပ်ကို ဥပစာကောလိပ်ရဲ့ကျောင်းသားဟောင်း တစ်ယောက်ဖြစ်ခဲ့ပြီး  လက်ရှိဥပစာကောလိပ် ဓာတုဗေဒဆရာဖြစ်သူ ဦးကိုလေး(ဇေယျာမောင်) က  စောင့်ရှောက်ရတယ်။  မန္တလေးလည်း စစ်ရောက်ရော ဥပစာကောလိပ်လည်း ပိတ်လိုက်ရတယ်။

 

dfrr46

 

မန္တလေးဥပစာကောလိပ်  ပြန်လည်ဖွင့်လှစ်ဖို့


စစ်ကြီးပြီးတော့  မန္တလေးဥပစာကောလိပ်ပြန် ဖွင့်လှစ်နိုင်ရေးကို ဆရာကြီးဦးရာဇတ်နဲ့ ဆရာဦးကိုလေး (ဇေယျာမောင်)တို့ပဲ ပြန်လည်ဦးဆောင် ဆောင်ရွက်ကြတယ်။ အင်္ဂလိပ်အစိုးရအနေနဲ့ကတော့ မသိလိုက်မသိဘာသာပါပဲ။ စစ်ကြီးအပြီး  ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလအစိုးရဖွဲ့တော့ ဝန်ကြီး ဦးရာဇတ်ရန်ကုန်ရောက်စဉ်    မန္တလေးဥပစာကောလိပ်ဖွင့်လှစ်နိုင်ရေးကို     ဆရာဦးကိုလေးနဲ့ ထပ်မံကြိုးစား ကြပြန်တယ်။ ဒါကြောင့် ၁၉၄၇ ခု မေလ ၂၉ ရက်နေ့မှာပဲ ဆရာဦးကိုလေး(ဇေယျာမောင်)ကို ကျောင်းအုပ်ကြီးအဖြစ်ခန့်အပ်ပြီး    မန္တလေးဥပစာ ကောလိပ်ပြန်လည်ဖွင့်လှစ်ဖို့  တာဝန်ပေးလိုက်ပါတယ်။ စစ်ကြီးကြောင့် ပျက်စီးသွားတဲ့ ပရိဘောဂတွေ၊ ကျောင်းဆောင်တွေ ပြန်လည်ရရှိဖို့  အခက်အခဲအမျိုးမျိုးကို ဆရာဦးကိုလေး(ဇေယျာမောင်)ဟာ ကြိုးစားကျော်ဖြတ်ပြီး ၁၉၄၈ခု ဇွန်လရောက်မှ မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာပါ။

 

မန္တလေးယူနီဗာစီတီ ကောလိပ်အဖြစ် အဆင့်မြှင့်တင်


စိုက်ပျိုးရေးသိပ္ပံရုံးအဖြစ်  အသုံးပြုဆဲဖြစ်တဲ့  ပင်မ အဆောင်ကြီးကိုလည်း မန္တလေးယူနီဗာစီတီကောလိပ် ပင်မစာသင်ဆောင်ကြီးအဖြစ်   ခမ်းနားစွာဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီဥပစာကောလိပ်ကလည်း အတိုက်အခံအခက်အခဲ အမျိုးမျိုးကြားက  ရုန်းကန်ပြီး  ဆရာကြီးဦးရာဇတ်နဲ့ ဆရာဦးကိုလေး (ဇေယျာမောင်)တို့ ကျေးဇူးကြောင့် ၁၉၄၈ ခုနှစ် ဇွန်လမှာ မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ခဲ့တာပါ။ မန္တလေးယူနီဗာစီတီကောလိပ် ဖွင့်လှစ်နိုင်ရေးကိုအစွမ်းကုန်ကြိုးစားခဲ့တဲ့ ဆရာကြီး ဦးရာဇတ်ကတော့ဖွင့်ပွဲမတိုင်ခင် ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကပဲမသမာသူတို့ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရှာပြီပေါ့။

 

မန္တလေးတက္ကသိုလ်


မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် မြို့မိမြို့ဖတွေ ဆက်လက်အား ထုတ်ကြိုးပမ်းခဲ့ကြလို့လည်း ၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက်မှာ မန္တလေးတက္ကသိုလ်အဖြစ် သီးခြားရပ်တည်ခဲ့တယ်။ ပြောင်းလဲလာတဲ့ ပညာရေးစနစ်တွေကြောင့် ၁၉၆၄ ခုနှစ်မှာ မန္တလေးဝိဇ္ဇာနှင့်    သိပ္ပံတက္ကသိုလ်အသွင်ပြောင်းခဲ့ရတယ်။ ၁၉၈၀ ပြည့်နှစ်မှာတော့ မန္တလေးတက္ကသိုလ်ဆိုတဲ့ မူလအမည်နဲ့ တည်ရှိခဲ့တာပါ။ မန္တလေးတက္ကသိုလ်ဟာ   မြန်မာလူမျိုးများရဲ့ ဝံသာနုစိတ်နဲ့ဇာတိမာန်သက်သက်က တစ်ဆင့်  အမြော်အမြင်ကြီးစွာ ပေါ်ပေါက်ခဲ့ရတဲ့ မြန်မာတွေ မျိုးစေ့ချ၊ ပျိုးထောင်၊ ပေါင်းသင်၊ ရှင်သန်၊ ကြီးထွား၊ ပွင့်လန်းခဲ့တဲ့ မြန်မာအမျိုးသားတက္ကသိုလ်ကြီးဖြစ်ပါတယ်။

 

ဖြတ်သန်းမှု သမိုင်းရှည်ကြီးအတွင်း


အင်္ဂလိပ်အစိုးရရဲ့  တက္ကသိုလ်အက်ဥပဒေကို မကျေနပ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ စတင်ခဲ့တဲ့သပိတ်တိုက်ပွဲရဲ့ အသီးအပွင့်လည်း ဖြစ်ပါတယ်။ မ္တလေးဥပစာကောလိပ်မှသည် မ္တလေးတက္ကသိုလ်ဆိုတဲ့ ဖြတ်သန်းမှု သမိုင်းရှည်ကြီးအတွင်း ဒီတက္ကသိုလ်ကြီးက ဂုဏ်ရောင်ပြောင်တဲ့ နိုင်ငံရေးသမားတွေ၊ ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာကြီးတွေ၊ အရပ်ဘက် စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေ၊  ဌာနဆိုင်ရာ  ပညာရှင်ကြီးတွေ၊  ပါမောက္ခကြီးတွေ  မွေးထုတ်ပေးခဲ့ရုံမက အနုပညာရှင်ပေါင်းများစွာ၊ အားကစားသမား ပေါင်းများစွာလည်း မွေးထုတ်ပေးခဲ့ပါတယ်။

 

လာမယ့် ခြောက်နှစ်အကြာ ၂၀၂၅ ခုနှစ်ဆိုရင်


၁၉၂၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ မန္တလေးဥပစာကောလိပ်ဟာ ဒီနှစ် ၂၀၁၉ မှာ ၉၄ နှစ် တင်းတင်းပြည့်ခြင်းနှင့်အတူ ၁၉၄၈ခုနှစ်မှာ အခက်အခဲအမျိုးမျိုးကြားက မန္တလေးဥပစာကောလိပ်ကနေ အဆင့်မြှင့်ဖွင့်လှစ်ခဲ့တဲ့ မန္တလေးယူနီဗာစီတီကောလိပ်ကလည်း  ဒီနှစ် ၂၀၁၉ ခုနှစ် ဇွန်လမှာ ၇၁နှစ်ပြည့်ပါပြီ။ တစ်ခါ ၁၉၅၈ ခုနှစ်မှာ မန္တလေးယူနီဗာစီတီကောလိပ်မှသည် မန္တလေးတက္ကသိုလ်အဖြစ် သီးခြားဖွင့်လှစ်နိုင်တာကြောင့်လည်း ဒီနှစ်၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့က ၆၁ နှစ်ပြည့်ပါပြီ။ လာမယ့် ခြောက်နှစ် အကြာ ၂၀၂၅ ခုနှစ်ဆိုရင် မန္တလေးဥပစာကောလိပ် အနှစ်၁၀ဝတင်းတင်း ပြည့်တော့မယ်။ ဒီအတွက် ဘာတွေပြင်ဆင်နေကြပြီလဲ။ တကယ်တော့ခြောက်နှစ်ဆိုတဲ့ ကာလဆိုတာ ဘာမှကြာတာမဟုတ်၊ ရှေ့လက်တစ်ကမ်းအကွာ နီးနီးလေး။

 

ဆူးငှက်