လန်ဒန်   ၁၀ ဇွန်   

ဗြိတိန်ဝန်ကြီးချုပ်    ထရီဆာမေ၏    နေရာကိုရရှိမည့်သူအဖြစ်  တစ်ပြေးနေသည့်    ဘောရစ်ဂျွန်ဆင်သည်    ၄င်းအနေဖြင့် ဥရောပသမဂ္ဂက ပိုမိုကောင်းမွန်သည့်  ရုပ်သိမ်းရေး    အချိန်ကာလတစ်ခုကို သဘောတူညီမည့်အချိန်အထိ ဗြိတိန်၏ ဘရီးဇစ် ဥပဒေကြမ်းကို  ဟန့်တားထားနိုင်လိမ့်မည်ဖြစ်ကြောင်း  ဇွန်  ၈ ရက်တွင် ပြောကြားခဲ့သည်။

ကွန်ဆာဗေးတစ်    ခေါင်းဆောင်အဖြစ်မှ    ဝန်ကြီးချုပ် ထရီဆာမေ  ဇွန်    ၇    ရက်က    နုတ်ထွက်လိုက်ပြီးနောက်တွင် ထရီဆာမေ၏နေရာ၌ ဝင်ရောက်ရန် ယှဉ်ပြိုင်နေသည့် ကိုယ်စား လှယ်တစ်ဦးဖြစ်သူ    နိုင်ငံခြားရေးဝန်ကြီးဟောင်း    ဘောရစ်ဂျွန်ဆင်သည်  လက်ရှိဖြစ်ပွားနေသည့်  ခွဲထွက်ရေးစာချုပ်တွင်  ပါဝင်သည့်    အငြင်းပွားဖွယ်  အိုင်ယာနယ်စပ်အရေးဆိုင်ရာ မူဝါဒကိုလည်း  စွန့်လွှတ်မည်ဖြစ်ကြောင်း     အရိပ်အမြွက်ပြောကြားခဲ့သည်။

ကျွန်ုပ်တို့၏        မိတ်ဆွေများနှင့်  လုပ်ဖော်ကိုင်ဖက်များအနေဖြင့်  ငွေကြေးကိုထိန်းသိမ်းထားသင့်ကြောင်း နားလည် သဘောပေါက်ရန်  လိုအပ်သည်ဟု    ၄င်းက  ဆန်းဒေးတိုင်းမ် သတင်းစာသို့ပြောကြားခဲ့သည်။  ပြီးခဲ့သည့်    သောကြာနေ့က ဗြိတိန်ဝန်ကြီးချုပ်အဖြစ်မှ ထရီဆာမေ နုတ်ထွက်ခဲ့ပြီးနောက်တွင် ယင်းနေရာအတွက် ဂျွန်ဆန်နှင့် အစိုးရအဖွဲ့မှ အခြား ၁၀ ဦးတို့က အကြိတ်အနယ်ယှဉ်ပြိုင်လျက်ရှိသည်။

သို့သော်လည်း ခေါင်းဆောင်သစ်ကို မရွေးချယ်မီအထိ ထရီဆာမေက ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ဆက်လက် ရှိနေဦးမည် ဖြစ်သည်။

၂၀၁၇  ခုနှစ်တွင်  ပြုလုပ်ခဲ့သည့်  အထွေထွေ ရွေးကောက်ပွဲတွင်  ရာထူးနေရာ အများဆုံးရရှိခဲ့သည့်    ပါတီခေါင်းဆောင်သည်      ဝန်ကြီးချုပ်နေရာကို အလိုအလျောက် ရရှိမည်ဖြစ်ကြောင်း  သိရသည်။  ဝန်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်မှုသည် လာမည့်လကုန်လောက်တွင်        ပြီးဆုံးဖွယ်ရှိပြီး    လန်ဒန် မြို့တော်ဝန်ဟောင်း ဘောရစ်ဂျွန်ဆင်ကို လူကြိုက်များလျက်ရှိကြောင်း  သိရသည်။       

အေအက်ဖ်ပီ