ကော့သောင်း  ၁၀   ဇွန် 


လေပြင်းများ ရုတ်တရက် တိုက်ခတ်မှုကြောင့် ကော့သောင်းမြို့နယ်၊ ချမ်းဖန်းကျေးရွာအုပ်စု၊ ဘန်နွားကျေးရွာနှင့် အေးရိပ်ငြိမ်ရပ်ကွက်များတွင် သစ်ပင်ကျိုးကျသဖြင့် နေအိမ်များ ပျက်စီးခဲ့ကြသည့် ဖြစ်စဉ်များ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

1

 


ကော့သောင်းမြို့တွင် ယမန်နေ့နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ပြီး လေပြင်းများ ရုတ်တရက် တိုက်ခတ်လာရာ ချမ်းဖန်းကျေးရွာအုပ်စု၊ ဘန်နွားကျေးရွာ၊ ဥယာဉ်ခြံလုပ်ကိုင်သူ ဦးဒါရေး(၆၂)နှစ်၏မြေစိုက် (၂၀ ပေ × ၃၂ ပေ) နေအိမ်နှင့် ဦးဆော်ဖီ (၅၉)နှစ်၊ မြေစိုက် (၂၅ ပေ × ၃၀ ပေ) တို့၏ နေအိမ်များပေါ်သို့ သစ်ပင်များ ကျိုးကျပြီး နေအိမ်အမိုးနှင့် အစိတ်အပိုင်းတစ်ချို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အလားတူ မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အေးရိပ်ငြိမ်ရပ်ကွက်၊ ပေါ်ဦးအထက်လမ်း၊ ဒေါ်ဟာဇဒါ၏အိမ်ရှေ့ အလေ့ကျပေါက်ပင်ကြီး ကျိုးကျ၍ လမ်းပိတ်ဆို့မူများဖြစ်ပွားခဲ့ခြင်းဖြစ်ရာ အခင်းဖြစ်ပွားရာ နေရာများသို့ ကျေးရွာနှင့်ရပ်ကွက် တာဝန်ရှိသူများအဖွဲ့နှင့် KDDPC ကော့သောင်းအများပိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီတို့၏ကရိမ်းကားများဖြင့် သွားရောက်ရှင်းလင်းဖယ်ရှားခြင်း၊ မြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများအဖွဲ့ဖြင့် လိုအပ်သည့် ကူညီကယ်ဆယ်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။


ဖြစ်စဉ်များနှင့်ပတ်သက်၍ နေအိမ်အချို့ ပျက်စီးသည်မှလွဲ၍ လူများထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း သိရသည်။


ကျော်စိုး(ကော့သောင်း)