မြိတ် ၁၀ ဇွန်
မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး စက်ဘီးစီးပွဲတော်ကို ဇွန် ၂၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး မောတောင်မြို့မှ ထိုင်းနိုင်ငံ ပရာကျော့မြို့သို့ လည်ပတ်ခြင်း ခရီးစဉ်အဖြစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချစ်ကြည်ရေး စက်ဘီးစီးပွဲတော်ကို ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် မြိတ်မြို့မှ ရေဖြူကျေးရွာသို့ မော်တော်ယာဉ်များဖြင့် စက်ဘီးများကို သယ်ယူကာ ရေဖြူ-ထုံခါ လမ်းခွဲမှတစ်ဆင့် မောတောင်မြို့အထိ (၄၈)မိုင်ခရီးအား စက်ဘီးစီးနင်းရမည် ဖြစ်သည်။ ထိုမှတစ်ဆင့် ညနေ ၃ နာရီခွဲခန့်တွင် တနင်္သာရီမြို့နယ် မောတောင်မြို့အထွက် နယ်စပ်ဂိတ်အားဖြတ်ကျော်၍ ထိုင်းနိုင်ငံ ပရာကျော့မြို့သို့ ဆက်လက်စီးနင်းကာ သတ်မှတ်ထားသည့် ဟိုတယ်၌ တစ်ညတာ အနားယူရပ်နားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့နိုင်ငံမှ စက်ဘီးစီးနင်လာသည့် အဖွဲ့ကို ထိုင်းနိုင်ငံနယ်စပ်ရှိ ဆင်ခွန်ဂိတ်တွင် ပရာကျော့(ထိုင်း) စက်ဘီးစီးအဖွဲ့မှ လာရောက်ကြိုဆိုကာ ချစ်ကြည်ရေး ပူးပေါင်းပါဝင် စက်ဘီးစီးနင်းကြမည် ဖြစ်သည်။
ထို့နောက် ဇွန် ၂၃ ရက် နံနက်တွင် ပရာကျော့မြို့အတွင်းရှိ လည်ပတ်စရာနေရာများကို စက်ဘီးစီးနင်း၍ လည်ပတ်သွား မည်ဖြစ်ပြီး ညနေ ၃ နာရီခွဲခန့်တွင် မောတောင်မြို့ရှိ မြန်မာ့နိုင်ငံနယ်စပ်ဂိတ်သို့ ပြန်လည်ဝင်ရောက်၍ စက်ဘီးများကို ကားဖြင့်တင်ဆောင်ကာ မြိတ်မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
စက်ဘီးစီးနင်း လိုက်ပါသူများကို အမှတ်တရအင်္ကျီများ အခမဲ့ဝေငှပေးနိုင်ရန် စီစဉ်လျက်ရှိပြီး ပြည်တွင်း စားစရိတ်များနှင့် ကားခများကို MABC (Myeik) စက်ဘီးစီးအသင်းမှ အကုန်ကျခံမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ပရာကျော့မြို့ တည်းခိုစရိတ်နှင့် ဧည့်လမ်းညွှန် ငှားရမ်းမှုများတွက် လိုက်ပါမည်သူများမှ ကျခံရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး စက်ဘီးစီးပွဲတော်ကို မြိတ်မြို့ရှိ MABC (Myeik) စက်ဘီးစီးအသင်းမှ ကြီးမှူး၍ ပြုလုပ်ခြင်းဖြစ်ပြီး စက်ဘီးစီးနင်းလိုက်ပါလိုသည့် အသင်းဝင်များအနေဖြင့် ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းကြရန် နှိုးဆော်ထားကြောင်း MABC အသင်းထံမှ သိရသည်။
မြင့်ဦး(မြိတ်)