လွိုင်ကော်  ၁၀  ဇွန်


ကယားပြည်နယ်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှုထမ်းများ အရည်အသွေး တိုးတက်ရေးနှင့် သတင်းရေးသားရာတွင် ကျွမ်းကျင်မှု ရှိလာစေရေးအတွက် သတင်းရေးသား ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက လွိုင်ကော်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစန်းနွယ်က ဝန်ထမ်းများ အနေနှင့် ရုံးစာရေးသားနည်းအပြင် သတင်း၊ ဆောင်းပါးများ ရေးသားပေးနိုင်ရန် လိုအပ်ပြီး မိမိတို့၏ စွမ်းဆောင်ရည် မြင့်တက်လာအောင် ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၁၀ ရက်မှ ၁၅ ရက်ထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ အမှုထမ်း ၂၂ ဦးအား ဝေါဟာရ ရှင်းလင်းချက်၊ သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ သတင်းရင်းမြစ်များ ရှာဖွေခြင်း၊ သတင်း၏ အခြေခံ ဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းရေးသားခြင်း၊ သတင်းဆောင်းပါး ရေးသားခြင်း၊ တွေ့ဆုံမေးမြန်းခြင်း၊ သတင်းလိုက်ခြင်း၊ သတင်းထုတ်ပြန်ခြင်း၊ စာနယ်ဇင်းဆိုင်ရာကျင့်ဝတ်၊ မီဒီယာဆိုင်ရာ သိနားလည်မှု၊ Online အသုံးပြု၍ သတင်းများ ထုတ်ပြန်ခြင်း၊ သတင်းမှတ်တမ်းရိုက်ကူးရာတွင် ဆောင်ရန်/ရှောင်ရန်များအပြင် လက်တွေ့ သတင်းမှတ်တမ်းရိုက်ကူးခြင်းများကို ဆွေးနွေးပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


လွိုင်ကော်သား