၁၀ ဇွန်

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီ အနီးတစ်ဝိုက် ဖြစ်ပွားသည့် တိုက်ပွဲတွင် စုစုပေါင်း ၆၅၃ ဦးသေဆုံးပြီး ၃၅၄၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့(WHO) က ယမန်နေ့က ပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံ၏ မြို့တော်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားကာ အပြစ်မဲ့အရပ်သား ၄၁ ဦး အပါအဝင် ၆၅၃ ဦး သေဆုံးခဲ့ပြီး အရပ်သာ ၁၂၆ ဦး အပါအဝင် ၃၅၄၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကမ္ဘာကျန်းမာရေးအဖွဲ့(WHO) က လူမှုမီဒီယာပလက်ဖောင်း တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

ကုလသမဂ္ဂ ထောက်ခံသည့် အစိုးရအခြေစိုက်ရာ မြို့တော် ထရီပိုလီကို အာဏာသိမ်းယူရန် ဧပြီလအစောပိုင်းကတည်းက ကာလီဖာ ဟက်ဖ်တာ ဦးဆောင်သည့် အရှေ့အခြေစိုက်စစ်တပ်က စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်။

အဆိုပါ အရှေ့အခြေစိုက်စစ်တပ်က အစိုးရအဖွဲ့နှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် မရရှိသေးကြောင်း ပြောကြားခဲ့ပြီး သိသာထင်ရှားသောအပြောင်းအလဲများကို မကြာမီပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားသည်။  

၂၀၁၁ ခုနှစ်က ခေါင်းဆောင်ဟောင်း မွမ်မာကဒါဖီ  ကျဆုံးပြီးနောက်ပိုင်း လစ်ဗျားနိုင်ငံသည် ပရမ်းပတာအခြေအနေကြားထဲတွင် အသွင်ကူးပြောင်းချိန်ကာလကို ရုန်းကန်လှုပ်ရှားနေရသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို