မန္တလေး ဇွန် ၁၀

 

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်းအတွင်းရှိ သဘာဝအရင်းအမြစ်များနှင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များအား ပြည်တွင်းပြည်ပခရီးသွားများ ဆန်းသစ်သော ခံစားမှုများဖြင့် လှည့်လည်ကြည့်ရှုလေ့လာနိုင်စေရန် မြန်မာ့ရိုးရာယဉ်းကျေးမှုဓလေ့ အလှဆင် မြင်းလှည်းများကို ယခုနှစ်ဆန်းမှစ၍ ငှားရမ်းပေးနေကြောင်း သိရသည်။

 

mdn

 

လက်ရှိတွင် တောင်သမန်အင်းအတွင်းရှိ ဦးပိန်တံတားနှင့် သဘာဝအမွေအနှစ် ရှုခင်းများအား အင်းရေပြင်ပေါ်မှ ခံစားကြည့်ရှုနိုင်ရန် ငှက်လှေများ ငှားရမ်း၍ ပို့ဆောင်ပေးလျက်ရှိပြီး ယခုအခါ ထပ်မံ၍ ဦးပိန်းတံတားနှင့် မယ်ဇယ်ပင်တန်းတစ်လျှောက်ရှိ သဘာဝရှုခင်းများအား အတွေ့အကြုံ အသစ်များဖြင့် ခံစားကြည့်ရှုနိုင်စေရန် မြန်မာ့ရိုးရာ မြင်းလှည်းများအား အလှဆင်ကာ ငှားရမ်းပို့ဆောင်ပေးနေကြောင်း အဆိုပါ မြင်းလှည်းငှားရမ်းသည့်အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုသူက ပြောသည်။

 

‘အရင်က မြို့တွင်းလမ်းပေါ်မှာ မြင်းလှည်းမောင်းရတာ စီးပွားရေးအဆင်မပြေဘူး။ ဒါကြောင့် ဒီ တောင်သမန်အင်းနဲ့ ဦးပိန်တံတားကို လာရောက်ကြတဲ့ ပြည်တွင်းပြည်ပခရီးသွားတွေ ခံစားမှု အသစ် အဆန်းတွေရအောင် ကျွန်တော်တို့လည်း စားဝတ်နေရေး အဆင်ပြေအောင် ရည်ရွယ်ပြီး ဒီလုပ်ငန်းကို အခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ စပြီး လုပ်ဆောင်ခဲ့တာပါ။ အစပိုင်းမှာတော့ သုံးစီးလောက်ပဲ ရှိပေမယ့် အခုနောက်ပိုင်းမှာ ရထားလုံး သုံးစီး၊ ရွှေလှည်း သုံးစီး၊ စိန်လှည်း တစ်စီးနဲ့ ရိုးရိုးလှည်း နှစ်စီး စုစုပေါင်း ကိုးစီးရှိလာတဲ့အတွက် အဖွဲ့အနေနဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ တစ်နေ့ကို နှစ်ခေါက် သုံးခေါက်လောက် အလှည့်ကျ ဆွဲရတဲ့အတွက် နေ့စဉ် ဝင်ငွေ တစ်သောင်းခွဲနဲ့ နှစ်သောင်းကြားရပါတယ်။

 

ပြည်ပခရီးသွားတွေအပြင် ပြည်တွင်းကလည်း စီးကြတဲ့အတွက် ကျွန်တော်တို့အတွက် စီးပွားရေးအနေနဲ့လည်း အဆင်ပြေပါတယ်’ ဟု ၄င်းက ပြောသည်။

 

အဆိုပါ အလှဆင်မြင်းလှည်းများအား လက်ရှိတွင် ဦးပိန်းတံတားမှ စတင်ထွက်ခွာကာ မည်စည်ပင်တန်း တစ်လျှောက်ရှိ သဘာဝရှုခင်းများအား လှည့်လည်ကြည့်ရှုနိုင်ရန် တစ်စီးလျှင် လူဦးရေပေါ်မူတည်၍ ငွေကျပ် ငါးထောင်မှ ကျပ် တစ်သောင်းနှုန်းအထိ ငှားရမ်းပေးနေကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)