နေပြည်တော်  ၁၀  ဇွန်    


    
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အိန္ဒိယနိုင်ငံရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်း၍ ရွေးကောက်ပွဲအစီအစဉ်ရေးဆွဲရေးဆိုင်ရာ ( Electoral Planning ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

 

ddf


    
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် Electoral Planning  သင်တန်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အိန္ဒိယနိုင်ငံရွေးကောက်ပွဲ ကော်မရှင်တို့ပူးပေါင်းဖွင့်လှစ်သော ကော်မရှင်ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ပေးသည့် (၅)ကြိမ်မြောက် သင်တန်းဖြစ်ပါကြောင်း၊ ယခင်သင်တန်း(၄)ကြိမ်ကို အိန္ဒိယနိုင်ငံတွင် (၂)ကြိမ်နှင့် မြန်မာနိုင်ငံတွင် (၂)ကြိမ် ပို့ချခဲ့ကြောင်း၊ သင်တန်းသားအရေအတွက်အားဖြင့် ၁၀ဝ ပို့ချ ပေးခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်တရားမျှတ၍ ပွင့်လင်း မြင်သာမှုရှိပြီး အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲစက်ဝန်းအရ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲနှောင်းပိုင်း ကာလများတွင် ဆောင်ရွက်ရမည့်အစီအစဉ်များကို စနစ်တကျဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲ အစီအစဉ်ရေးဆွဲရေးဆိုင်ရာသင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အစီအစဉ်တကျ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းရေးဆွဲခြင်းနည်းလမ်းများဖြစ်၍ အလွန်အရေးကြီး ပါကြောင်း၊ သင်တန်းသားများအနေဖြင့် အလေးအနက်ထား သင်ယူလေ့လာကြစေလိုကြောင်း၊ အိန္ဒိယနိုင်ငံ၏ စီမံကိန်းရေးဆွဲခြင်းနည်းလမ်းများမှ အားသာချက်များကို လေ့လာ၍ မိမိတို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပေါင်းစပ်အသုံးချနိုင်ရန်လိုအပ်ကြောင်း ပြောကြားပါသည်။

 

ဆက်လက်၍ Dr. Noor Mohammad က အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲ အစီအစဉ် ရေးဆွဲခြင်းဆိုင်ရာလုပ်ငန်းစဉ်သည် အရေးကြီးပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ တွေ့ကြုံ ရမည့်အခက်အခဲများကို ရှာဖွေဖော်ထုတ်ပြီး မြန်မာနိုင်ငံနှင့် ဆီလျော်သည့် အစီအစဉ်များ ရေးဆွဲ နိုင်ရန်လိုကြောင်း၊ အိန္ဒိယရွေးကောက်ပွဲကော်မရှင်အနေဖြင့် နည်းပညာအသုံးပြုမှုသင်တန်းများကို လည်း ဆက်လက်ပို့ချမည်ဖြစ်ကြောင်း ပြောကြားသည်။ ၎င်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

 

lkdhf

 

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံ India International Institute of Democracy and Election Management ( IIIDEM ) သင်တန်းကျောင်းမှ Senior Consultant ဖြစ်သူ Dr. Noor Mohammad နှင့် နည်းပြဆရာများ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)