နောင်တရား ၁၁ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံကိန်းဒေသဖြစ်သည့် လွယ်မောကျေးရွာအုပ်စု၊ မိုးနဲကျေးရွာ၌ ကျွဲ၊ နွားနှင့် ဝက်များတွင် ဖြစ်ပွားတတ်သည့် ရောဂါများ မဖြစ်ပွားစေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ပင်လောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက တိရစ္ဆာန်များအား ကာကွယ်ဆေးထိုး ပေးခဲ့ကြောင်း သိရသည်။
ဟောပြောပွဲကို မိုးနဲဘုန်းတော်ကြီးကျောင်း၌ ပင်လောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါတ်တာနီနီဝင်းက အိမ်မွေးတိရစ္ဆာန်များဖြစ်သော ကျွဲ၊ နွားနှင့် ဝက်များ မွေးမြူခြင်းကြောင့် ကျေးလက်နေပြည်သူလူထုများ ပိုမိုဝင်ငွေတိုးပွားစေပြီး ကျေးလက်ဒေသဆင်းရဲမှု လျော့ချရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ နောင်တရားမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဦးခွန်သန်းထွန်းမှ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်းနှင့် အနာရောဂါများအကြောင်းကို ရှင်းလင်းခြင်းနှင့် ကာကွယ်ခြင်း၊ ကုသခြင်း ဆိုင်ရာများအကြောင်းများကို ဟောပြောခဲ့သည်။ အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ မယ့်ဖားလုံဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံကိန်း ဒေသများဖြစ်သော လွယ်မောကျေးရွာအုပ်စု၊ ပေါ့အင်ကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု၊ မွေးပြင်ကျေးရွာအုပ်စုများအတွင်းရှိ ကွဲ၊ နွား၊ ဝက်များအား ကာကွယ်ဆေးထိုးခြင်း၊ ကျေးရွာနေပြည်သူများအား ပညာပေးဟောပြောခြင်း လုပ်ငန်းကို အကြိမ် (၂၀)ထိ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဟောပြောပွဲသို့ မိုးနဲကျေးရွာ၊ သရမ္ဗူကျေးရွာ၊ လယ်ကြားကျေးရွာ၊ ကျောင်းကုန်းကျေးရွာများမှ မွေးမြူရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားသည့် ကျေးရွာနေ ပြည်သူ ၁၆၀ ကျော်တက်ရောက်ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)