ရန်ကုန် ၁၁ ဇွန်


ရန်ကုန်မြို့ ရေပေးဝေရေး စီမံကိန်းအတွက် လှိုင်မြစ်ကိုဖြတ်သန်းပြီး ရေပို့ပိုက်များ သွယ်တန်းနိုင်ရန် မြေသားစမ်းသပ်မှုများကို ဇွန် ၁၀ ရက်မှ ၁၈ ရက်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။

 

1

 


ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လှိုင်မြစ်ပေါ်ရှိ နေရာသုံးခုတွင် မြစ်အောက်ကြမ်းပြင်ကိုဖောက်ပြီး မြေသားနမူနာ ရယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းများကို ဘုရင့်နောင်တံတား၏ အထက်ဘက် ကိုက် ၁၀ဝ၀ ကျော်တွင်ရှိသော BH 02 Lat; 16 Deg; 50.84 Min (N) Long; 096 Deg; 06.07 Min (E)၊ BH 03 Lat; 16 Deg; 50.88 Min(N) Long; 096 Deg; 06.13 Min(E) နှင့် BH 04 Lat; 16 Deg; 50.90 Min (N) Long; 096 Deg; 06.19 Min (E) စသည့်နေရာများတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းတွင် အသုံးပြုသည့် ရေယာဉ်ကို ကျောက်ချထားပြီး လုပ်ငန်းလုပ်ဆောင်မည်ဖြစ်ပြီး ရေယာဉ်၏ ပတ်လည်တွင် အလံနီများ လွှင့်ထူပြသထားခြင်းနှင့် ညအချက်ပြအဖြစ် ရေယာဉ်ဘေးထောင့် လေးဖက်နှင့် အလယ်တွင် အနီရောင် စုံလည်မီးများ ထွန်းညှိပြသထားမည် ဖြစ်သည်။


ဖြတ်သန်းသွားလာသည့် ရေယာဉ်များအနေဖြင့် လုံလောက်သော အကွာအဝေးမှ ရှောင်ကွင်းသွားလာကြရန်နှင့် ဂရုပြုသွားလာကြရန် အဆိုပါ ရေကြောင်းသတိပေးချက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


MDN