နေပြည်တော် ၁၁ ဇွန်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၉ခုနှစ်၊ မေလ အတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အလုပ်ရရှိမှုမှာ ပုဂ္ဂလိကအနေဖြင့် ၂၂၁၁၇ ဦး အစိုးရအလုပ်အကိုင်အနေဖြင့် ၁၉၀၂ ဦး ပေါင်း ၂၄၀၁၉ ဦး ကို အလုပ်အကိုင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှု အနေဖြင့် မလေးရှားနိုင်ငံ သို့ ၈၂၃၇ ဦး၊ စင်ကာပူနိုင်ငံ သို့ ၃၇ ဦး ၊ ကိုရီးယားနိုင်ငံ သို့ ၃၇၇ ဦး၊ ထိုင်းနိုင်ငံသို့ ၂၀၉၇၇ ဦး၊ ဂျပန်နိုင်ငံသို့ ၆၅၈ ဦး၊ ယူအေအီး သို့ ၂၄ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၃၉ ဦး၊ ကာတာနိုင်ငံ သို့ ၁၀ ဦး၊ မကာအိုနိုင်ငံသို့ ၃ ဦး စုစုပေါင်း ၃၀၃၂၆ ဦးကို စေလွှတ်၍ အလုပ်အကိုင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)