မန္တလေး ၁၁ ဇွန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ရှေးဟောင်း ကျွန်းခုတင်တစ်လုံးနှင့် ကျွန်းသေတ္တာ တစ်လုံးတို့အား ပိုင်ရှင်ဖြစ်သူ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ) မိသားစုသို့ ကိုယ်ပိုင်ထိန်းသိမ်းခွင့် လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၆ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ အဆိုပါနေအိမ်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ၂၀၁၅ ခုနှစ်အတွင်းက ထုတ်ပြန်ထားသည့် ဥပဒေအရ မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ထိန်းသိမ်း လာခဲ့သည့် မိမိတို့၏ ရှေးဟောင်းပစ္စည်းများအား ဌာနတွင် မှတ်ပုံတင်ပြုလုပ်၍ ကိုယ်ပိုင်ထိန်းသိမ်းခွင့် လက်မှတ်ရယူကာ သားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်းခွင့်ရရှိနိုင်ကြောင်း၊ ယခုအခါ ဦးစိုးဝင်းမြင့်မှ ၄င်း၏မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာခဲ့သည့် ရှေးဟောင်းခုတင်နှင့် ကျွန်းသေတ္တာကြီးအား နိုင်ငံသားတစ်ဦးအနေဖြင့် ဥပေဒကို လေးစားလိုက်နာကာ လျှောက်ထားလာခြင်းအပေါ် ဌာနမှ ကျေးဇူးတင်ဂုဏ်ယူစွာ ထိန်းသိမ်း စောင့်ရှောက်ခွင့်ကို မန္တလေးမြို့တွင် ပထမဆုံးအဖြစ် ပေးအပ်ခြင်းဖြစ်ကြောင်း အထူးပြောကြားလိုသည်မှာ ရှေးဟောင်းပစ္စည်း ပိုင်ဆိုင်ထားသူများအနေဖြင့် ယခုကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ခွင့်လက်မှတ်ကို လျှောက်ထားရယူစေလို ကြောင်း၊ ဌာနမှ သိမ်းယူခြင်းမရှိဘဲ လှူဒါန်းလိုပါက ထိုက်တန်သော ချီးမြှင့်မှုများ ရှိသည့်အပြင် ထိန်းသိမ်းစောင့်ရှောက်လိုပါကလည်း ကိုယ်ပိုင်ထိန်းသိမ်းခွင့် လျှောက်ထားရယူနိုင်ကြောင်းကို ယခုအခမ်းအနားမှတစ်ဆင့် ပြည်သူများအားလုံးကို အသိပေးလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အဆိုပါခုတင်နှင့် ကျွန်းသေတ္တာအား ကိုယ်ပိုင်ထိန်းသိမ်းစောင့်ရှောက်ခွင့်လက်မှတ်ကို ဦးစိုးဝင်းမြင့် မိသားစုအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်းက ပေးအပ်ခဲ့သည်။
ထို့နောက် ရှေးဟောင်းပစ္စည်းများပိုင်ရှင် ဦးစိုးဝင်းမြင့်က မြန်မာနိုင်ငံတွင် ဥပဒေနှင့်အညီ ရှေးဟောင်းဝတ္ထု ပစ္စည်း ထိန်းသိမ်းခွင့်လက်မှတ်ကို ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ယခုလို ကိုယ်ပိုင်ထိန်းသိမ်းခွင့်ရရှိ စေရန် ဆောင်ရွက်ပေးခဲ့ကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ တာဝန်ရှိသူများနှင့် သမိုင်းဆိုင်ရာ အထောက်အထားများအား ကူညီပြောကြားပေးကြသည့် ပညာရှင်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာမှုဗိသုကာပညာရှင် ဆရာကြီး တမ္ပဝတီ ဦးဝင်းမောင်ကလည်း နိုင်ငံတော်မှ ချမှတ်ထားသည့် ရှေးဟောင်းသုတေသနဆိုင်ရာ ဥပဒေများကို ပြည်သူများ တိကျစွာ သိရှိမှု မရှိသည့်အတွက် ရှေးဟောင်း သုတေသနဌာနနှင့် ရှေးဟောင်းရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်ထားသူများ အကြားတွင် နားလည်မှု လွှဲမှားခဲ့ ကြောင်း၊ ရှေးဟောင်းသုတေသနဌာနမှ ပြည်သူများပိုင်ဆိုင်သည့် ရှေးဟောင်း ပစ္စည်းများကို လိုက်လံသိမ်းဆည်းခြင်းမရှိသည့်အပြင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လျှောက်ထားပါက ကိုယ်ပိုင်ထိန်းသိမ်းခွင့်လက်မှတ် ထုတ်ပေးနေကြောင်းကို ယခုအခမ်းအနားမှ သက်သေပြလိုက်ခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။
အဆိုပါကျွန်းခုတင်နှင့် ကျွန်းသေတ္တာမှာ အမရပူရခေတ်နှောင်းပိုင်းကာလက ပခုက္ကူမြို့နယ်အတွင်းရှိ ပခန်းကြီးဒေသတွင် မင်းတုန်းမင်းကြီး၏ ငယ်ဆရာဖြစ်သူ ပခန်းမင်းကြီး ဦးရန်ဝေး အသုံးပြုခဲ့သည့် နှစ်ပေါင်း ၁၈၀ ကျော် သက်တမ်းရှိ ရှေးဟောင်းပစ္စည်းများဖြစ်ပြီး အဆိုပါဒေသမတွင် မျိုးရိုးစဉ်ဆက် ဆက်လက်ထိန်းသိမ်းစောင့်ရှောက် လာခဲ့ကာ ၂၀၁၅ ခုနှစ်တွင် မန္တလေးမြို့သို့ ပြောင်းရွှေ့ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်းနှင့် ဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့မှု ဗိသုကာပညာရှင် ဆရာကြီး တမ္မဝတီ ဦးဝင်းမောင်နှင့် သတင်းမီဒီယာများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အောင်ဖြိုးကျော်


