ရှင်နော်၊ ဓာတ်ပုံ-မောင်ယဉ်ဦး
မိုးဦးကျရာသီဖြစ်၍ မြို့တော်ရန်ကုန်တွင် အပူဓာတ်က လျော့ပါးစပြုလာပြီဖြစ်သည်။ သို့သော် ရန်ကုန်မြေသားတို့က ထိုက်သင့်သော မိုးစက် မိုးပေါက်တို့ကို မသောက်စို့ရသေး၍ လုံလောက်သော အအေးဓာတ်ကို ရန်ကုန်သူရန်ကုန်သားတို့ မခံစားရသေးချေ။ အရပ်မျက်နှာအဘက်ဘက်မှ တစ်ချက်တစ်ချက် တိုက်ခတ်လာသော လေပွေလှိုင်းများက သာမန်မြေစိုက်တဲကလေးများကို လဲပြိုသွားစေသည်။ ရုတ်ခြည်းရောက်လာပြီး ရွာချတတ်သော ရန်ကုန်မိုးကြောင့် လမ်းသွားလမ်းလာများ ရုတ်ရုတ်သဲသဲ ဖြစ်သွားတတ်သည်ကလည်း ရန်ကုန်မြို့၏ မရိုးအီနိုင်သော မြင်ကွင်းအချို့ ဖြစ်သည်။
မိုးရွာစဉ် ကြုံတွေ့ရလေ့ရှိသော အခက်အခဲများ
ထိုသို့ မရိုးအီနိုင်သော မိုးဦးကျမြင်ကွင်းများထဲတွင် မိုးရေစိုရွှဲရွှဲဖြင့် သွားလာနေကြရသော ရန်ကုန်သူ ရန်ကုန်သားများ၊ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ရှာဖွေလုပ်ကိုင် စားသောက်နေကြရသော ဈေးသည်များ၊ ကျောင်းသား ကျောင်းသူလေးများ၊ ဝန်ထမ်းများစသည် စသည်ဖြင့် လူထုလူတန်းစား အမျိုးမျိုးပါဝင်သည်။ မိုးကရွာ လမ်းကပိတ်သည့် အကြားတွင် လိုရာခရီးကို ဘေးမသီရန်မခအောင် ဂရုစိုက်သွားလာနေကြရသည်။ ရန်ကုန်ကား မှတ်တိုင်တစ်ခု၌ ကားတစ်စီးဆိုက်လာတိုင်း သူ့ထက်ငါ အလုအယက် ကားပေါ်ရောက်အောင် တိုးဝှေ့တက်ကြရသည်။ မိုးထဲရေထဲတွင် မရပ်လိုသောကြောင့်ပင်ဖြစ်သည်။ ဤသည်မှာကား မိုးရွာစဉ် ကြုံတွေ့ရလေ့ရှိသော အခက်အခဲများ အနက်မှ တစ်ခုတစ်လေပင်။
ရန်ကုန်မြို့တော်မှ လူများသွားရောက် အလုပ်လုပ်ကိုင်ရာ၊ ရန်ကုန်မြို့တော်သို့ လူများ လာရောက်အလုပ်လုပ်ကိုင်ရာ ရေခြားမြေခြားနှင့် အနီးဆုံးမြို့သည် ဒလမြို့ ဖြစ်သည်။ ရန်ကုန်မြစ်၏ တစ်ဖက်ကမ်းတွင် ဒလမြို့အပါအဝင် ဆိပ်ကြီးခနောင်တိုနှင့် အခြားကျေးရွာများစွာရှိသည်။ ၎င်းတို့သည် ရန်ကုန်မြို့သို့ လာရောက်ရာတွင် ရေလမ်းကိုသာ အဓိကအသုံးပြုကြရသည်။ ချယ်ရီ ကူးတို့များ၊ ရန်ကုန်ဝါးတားဘတ်စ်နှင့် စက်တပ် သမ္ဗန်များသည် အဆိုပါဒေသနေပြည်သူများအတွက် အားကိုးအားထားပြုစရာယာဉ်များပင် ဖြစ်သည်။ ဒေသနေပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများသည်လည်း အဆိုပါ ရေယာဉ်များကိုသာ အားပြုသွားလာနေ ကြရသည်။
စက်တပ်သမ္ဗန်ပေါ် တက်ရသည်မှာ အန္တရာယ်ရှိသော စွန့်စားမှုတစ်ခုပင်ဖြစ်
သို့ဖြစ်ရာ အဆိုပါရေယာဉ်များတွင် အသက်ကယ်အင်္ကျီများ၊ အသက်ကယ်ဗောကွင်းများ လုံလောက်စွာ တင်ဆောင်ထားနိုင်ရေးသည် အရေးကြီးလှသည်။ မိုးတွင်းကာလစက်တပ်သမ္ဗန်များ အန္တရာယ်ကင်းစွာ ဆိုက်ကပ်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ပေးသင့် ည်။ လှေအဆင်း၊ မြင်းအတက်ဟူသော ရှေးစကားရပ်အတိုင်း ငြိမ်သက်ခြင်းမရှိသော ရေပြင်ထဲတွင် ရပ်ထားသော စက်တပ်သမ္ဗန်ပေါ် တက်ရသည်မှာ အန္တရာယ်ရှိသော စွန့်စားမှုတစ်ခု ပင်ဖြစ်သည်။ စက်တပ်သမ္ဗန်များသာမက ကူးတို့ များ၊ ဝါးတားဘတ်စ်များပေါ်သို့ အတက်အဆင်း ပြုချိန်သည်လည်း လွန်စွာသတိထားရမည့်အချိန် ဖြစ်သည်။ ထို့အတွက် မိုးတွင်းကာလတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စနစ်တကျ သင်ကြားလေ့ကျင့်ပေးထားသော လုံခြုံရေး အရာရှိများကို သင်္ဘောဆိပ်များတွင် တာဝန်ချထား ပေးနိုင်လျှင် သင့်တော်မည်ဖြစ်သည်။
သတ်မှတ်ထားသည့် ဝန်အတိုင်းသာ ခရီးသည်ကို တင်ဆောင်သင့်
ရန်ကုန်တစ်ဖက်ကမ်းသို့ ခေါက်တုံ့ခေါက် ပြန်သွားလာနေသော ရေယာဉ်များတွင် သတ်မှတ်ထားသည့် ဝန်အတိုင်းသာ ခရီးသည်ကို တင်ဆောင်သင့်သည်။ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ရင်ဆိုင်ဖြေရှင်းနိုင်ရန် လုပ်ငန်းစဉ်များကို သင်္ဘောမထွက်ခွာမီ ခရီးသည်များအား ကြိုတင်အသိပေးထားသင့်သည်။ ရန်ကုန်မြစ် အတွင်းကို ခဏတာ ဖြတ်သန်းစဉ်အချိန်၌ပင် မိုးရွာနေစဉ်သော်လည်းကောင်း၊ မိုးရွာခါနီးအချိန်များတွင်သော်လည်းကောင်း အသက်ကယ်အင်္ကျီများကို မဖြစ်မနေ ခရီးသည်များအား ဝတ်ဆင်ထားစေသင့်သည်။ သို့မှသာ အန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့ လာပါက မိမိအသက်ကို ကယ်တင်နိုင်မည် ဖြစ်သည်။
မြစ်ချောင်းများအတွင်း အမှိုက်စွန့်ပစ်မှုကို စနစ်တကျ အရေးယူသင့်
ရန်ကုန်မြစ်နှင့်ပတ်သက်၍ တာဝန်ရှိသော သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးမှလည်း ပြည်သူများ ဘေန္တရာယ်ကြုံတွေ့လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းတုံ့ပြန်နိုင်အောင် စီစဉ်ဆောင်ရွက်ထားသင့်သည်။ အမြဲမပြတ်လေ့ကျင့် နေသော ကျွမ်းကျင်ကယ်ဆယ်ရေး ဝန်ထမ်းများ တာဝန်ချထားသင့်သည်။ မြစ်အတွင်းသွားလာ နေကြသောရေယာဉ်များ အန္တရာယ်မဖြစ်စေရေးအတွက် မြစ်ချောင်းများအတွင်း အမှိုက်စွန့်ပစ်မှုကို စနစ်တကျ အရေးယူသင့်သည်။ မြစ်ကမ်းပါး ချောင်းကမ်းပါးအနီးနေထိုင်ကြသော ကျေးရွာများအား မြစ်ရေကြီးမှုဒဏ်မခံရအောင် အချိန်မီ အသိပေးသင့်သည်။
သီးခြားရေယာဉ်များ စီစဉ်ထားသင့်
အသက်အရွယ်ကြီးရင့်သူများ၊ ကျောင်းသား ကျောင်းသူအရွယ် ကလေးငယ်များကို တစ်ဦးချင်း တစ်ယောက်ချင်း ရေယာဉ်ပေါ်သို့ အတက်အဆင်း ခွင့်မပြုသင့်ပေ။ တာဝန်ကျဝန်ထမ်းများချထား၍ လိုက်ပါစောင့်ရှောက်သင့်သည်။ ထူးခြားသော အခြေအနေများ ကြုံတွေ့လာပါက ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် သီးခြားရေယာဉ်များ စီစဉ်ထားသင့်သည်။ မြစ်အတွင်းဝင်ထွက် သွားလာနေသော ပင်လယ်ကူးသင်္ဘောကြီးများကို ဂရုပြုမောင်းနှင်သင့်သည်။ ရေယာဉ်မှူးများ အနေဖြင့်လည်း သတ်မှတ်တန်ချိန်အတိုင်းသာ ဝန်တင်မောင်းနှင်သင့်သည်။ စက်တပ်သမ္ဗန်များတွင်လည်း ခွင့်ပြုထားသော လူဦးရေအတိုင်းသာ တင်ဆောင်သင့်ပေးသည်။
ဤသည်တို့မှာမိုးရာသီကာလ၌ ချင့်ချိန်သွား လာသင့်သော ရန်ကုန်ခရီးသွားများအတွက် သတ မူစရာများပင် ဖြစ်ပါတော့သည်။
မြန်မာ့အလင်း