ရန်ကုန် ၁၂ ဇွန်
မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အပံ့ဖြစ်စေရန်နှင့် ယာဉ်အိုယာဉ်ဟောင်းများ နေရာတွင်ယာဉ်သစ်များ အစားထိုးပြေးဆွဲနိုင်ရန်အတွက် စီးတီးဘတ်စ်နှင့် မီနီဘတ်စ်ယာဉ်များကို ပြည်တွင်း၌ စတင်ထုတ်လုပ်လျက်ရှိကြောင်း Daewoo Bus Myanmar ကုမ္ပဏီမှ သိရသည်။ လက်ရှိကာလတွင် ဒေဝူးစီးတီးဘတ် BS 106 နှင့် လက်စတာမီနီဘတ်စ်နှစ်မျိုးကို တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ပြီး ရှေ့ပြေး ထုတ်လုပ်မှုအနေဖြင့် စီးတီးဘတ် BS ငါးစီးနှင့် လက်စတာမီနီဘတ်စ် ငါးစီးကို စတင်ထုတ်လုပ်နေကြောင်း သိရသည်။
ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်နိုင်မည်
အဆိုပါ မော်ဒယ်သစ်ကားနှစ်မျိုးကို ကိုရီးယားနိုင်ငံတွင် လက်ရှိထုတ်လုပ်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှလည်း ထုတ်လုပ်ခွင့်ရရှိကာ နိုင်ငံတွင်းသာမက ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ကားများထုတ်လုပ်ရာတွင် မြန်မာနိုင်ငံတွင် ထုတ်လုပ်လျက်ရှိသော SKD အဆင့်ထက် များစွာ မြင့်မားပြီး BS 106 မှာ CKD အဆင့်ဖြင့်ထုတ်လုပ်လျက်ရှိကာ လက်စတာမီနီဘတ်စ်မှာ CKD အနိမ့်ဆုံးအဆင့်ဖြင့် တပ်ဆင်ထုတ်လုပ်နေခြင်းဖြစ်ကြောင်း Daewoo Bus Myanmar ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်က ပြောကြားသည်။
“မော်တော်ယာဉ်တွေ ထုတ်လုပ်တပ်ဆင်နိုင်ဖို့အတွက် မြန်မာအင်ဂျင်နီယာတွေကို ကိုရီးယားနိုင်ငံသို့ စေလွှတ်ပြီး လေ့လာသင်ကြားစေခဲ့ပါတယ်။ ရှေ့ပြေးစမ်းသပ် ထုတ်လုပ်မှုတွေ လုပ်ဆောင်တဲ့နေရာမှာလည်း ကိုရီးယားအင်ဂျင်နီယာ ၂၁ ဦးက အနီးကပ် ကြီးကြပ်သင်ကြားပေးလျက်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ဖွင့်လှစ်သွားမည်
Daewoo Bus Myanmar အနေဖြင့်တစ်နှစ်လျှင် အစီးရေ ၅၀ဝ ခန့် ထုတ်လုပ်သွား မည်ဖြစ်ပြီး ကားနှင့်ပတ်သက်၍ ဝန်ဆောင်မှုလုပ်ငန်းနေရာများကို ရန်ကုန် ထောက်ကြန့်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ စီးတီးဘတ်စ် အမျိုးအစားဖြစ်သည့် BS 106 ကို စီအင်န်ဂျီနှင့်ဒီဇယ်နှစ်မျိုးလုံး ထုတ်လုပ်မည်ဖြစ်ပြီး မော်ဒယ်သစ်ကားများအဖြစ် Express ကားများနှင့် Tour Bus များကို ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ Daewoo Bus Myanmar သည် ၂၀၁၇ ခုနှစ် မတ်လတွင် စတင်တည်ထောင်ပြီး ရန်ကုန်-ပြည် လမ်းမကြီးဘေးရှိ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်(မြောက်) ရပ်ကွက်တွင် အကျယ် ၁၄ ဧကရှိ မြေကွက်ကို နိုင်ငံတော်အစိုးရထံမှ နှစ်ရှည်ငှားရမ်းကာ စက်ရုံတည်ဆောက်ထားခြင်းဖြစ်သည်။
ကိုရီးယားနိုင်ငံရှိ ဒေဝူးကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း လုပ်ဆောင်ထားခြင်းဖြစ်ပြီး Daewoo Bus ကုမ္ပဏီမှ ၂၅ ရာခိုင်နှုန်း၊ Daewoo Bus Myanmar မှ ၇၅ ရာခိုင်နှုန်း ဖြင့် စက်ရုံကို တည်ထောင်ထားခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဝန်ထမ်းဦးရေ ၁၀ဝ ကျော်ဖြင့် လုပ်ငန်းများဆောင်ရွက်နေပြီး ဝန်ထမ်းအင်အား ထပ်မံဖြည့်တင်းသွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။
ရှစ်နိုင်ငံမြောက်ဖြစ်
ဒေဝူးကုမ္ပဏီသည် ကိုရီးယားနိုင်ငံတွင် ပထမဆုံး ဘတ်စ်ကားထုတ်လုပ်သော စက်ရုံဖြစ်ပြီး နှစ်စဉ် ကားအစီးရေ ၁၅၀ဝဝ ကျော်ထုတ်လုပ်လျက်ရှိကာ တရုတ်၊ ကော်စတာရီကာ၊ ဗီယက်နမ်၊ ကာဇက်စတန်၊ ပါကစ္စတန်၊ တရုတ်(တိုင်ပေ)စသော ပြည်ပနိုင်ငံများတွင် SKD စနစ်ဖြင့် ထုတ်လုပ်လျက်ရှိပြီး ယခုအခါ မြန်မာနိုင်ငံတွင် ရှစ်နိုင်ငံမြောက်အဖြစ် စက်ရုံတည်ဆောက်ထုတ်လုပ်ခြင်းဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ - ရာမည