ပဲခူး ၁၂ ဇွန်
ပဲခူးမြို့၊ ဥဿာမြို့သစ်(၆)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနရုံးတွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ ပဲခူးမြို့ပေါ်ရှိစက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ မန်နေဂျာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး စစ်ဆေးရေးမှူး ဒေါ်ခင်မာသက်က တည်ဆဲ အလုပ်သမားဥပဒေများနှင့် ကလေးအလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန ပဲခူးခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်က အန္တရာယ်ရှိသောအလုပ်ကို လုပ်ကိုင်လျက်ရှိသည့် ကလေးအလုပ်သမားများခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အဖြစ် ဇွန် ၁၂ ရက်ကို သတ်မှတ်ထားရှိပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှကြီးမှူး၍ မြန်မာနိုင်ငံတစ်ဝန်း၌ အထိမ်းအမှတ် အခမ်းအနားပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
ယခု ၂၀၁၉ ခုနှစ် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ "ကလေးများသည် အနာဂတ်အိပ်မက်များ မက်နေရန်ဖြစ်ပြီး လုပ်ငန်းခွင် ဝင်ရောက်ရန် မဟုတ်ပါ"ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)