ယင်းမာပင် ၁၂ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ရာသီဥတုများဖောက်ပြန်လာမှု၊ ဂေဟစနစ်ကို ပြန်လည်ထိန်းညှိနိုင်ရန်နှင့် ရာသီဥတု ညီညွတ်မျှတလာစေရန် ရည်ရွယ်၍ အေးမြသော အရိပ်ရအပင်များ၊ သစ်၊ တိုင်၊ မျောနှင့် ထင်းစသည့် အခြေခံသစ်တောထွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ကောင်းဆင့်ပျိုးဥယျာဉ်မှ ပျိုးပင်များကို ကုန်းရွာကျေးရွာ ပြည်သူများအား အခမဲ့ပျိုးပင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

"လက်ရှိမှာ သစ်တောဖုံးလွှမ်းမှုများ ပိုမိုကောင်းမွန်ပြီး သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်လာပြီး သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများ လျော့နည်းသက်လာစေရန်၊ သဘာဝပတ်ဝန်းကျင် သစ်တောများ တိုးတက် ကောင်းမွန်ပြီး ဂေဟစနစ်ကို ထိန်းညှိလာနိုင်စေရန်တို့ကို ဆောင်ရွက်နေသကဲ့သို့ ထင်းစိုက်ခင်းများလည်း ကျေးရွာနေပြည်သူများအတွက် နှစ်စဉ်စိုက်ပျိုးဆောင်ရွက်ပေးလျက်ရှိပါတယ်" ဟု ယင်းမာပင် မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေမျိုးထွန်းက ပြောသည်။
ယင်းမာပင်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းအရ၊ အပူပိုင်းဒေသအထူးစိမ်းလန်းစိုပြည်ရေး၊ ကျေးရွာသုံး ထင်းစိုက်ခင်းများ၊ သစ်ပင်စိုက်ပျိုးပွဲတော်များကျင်းပပြီး စိုက်ပျိုးခြင်း၊ တစ်အိမ်ထောင်ကျွန်း ၃ ပင်၊ သစ်မာ ၂၀ ပင် စိုက်ပျိုးရေး၊ လမ်းဘေးဝဲယာ အရိပ်ရသစ်ပင်များစိုက်ပျိုးရေးနှင့် ဒေသခံအစုအဖွဲ့ သစ်တောလုပ်ငန်း တည်ထောင်ခြင်းများအတွက် မြန်မာကုက္ကိုလ်၊ မန်ကျည်း၊ လိန်၊ မယ်ဇလီ၊ ယင်းမာ၊ ရှား၊ ဒဟတ်၊ ယူကလစ်၊ ကျွန်း၊ လျှော်ဖြူ၊ သပွတ်ကြီး၊ စန္ဒကူး၊ ဘိန်းနွယ်နှင့် မျှင်ဝါး စသည့် ပျိုးပင်ပေါင်း ၆၀၁၁၀ စိုက်ပျိုးထားရှိခဲ့သည်။ မိုးရာသီရောက်ရှိလာပြီဖြစ်၍ ကျေးရွာပြည်သူများထံ စတင်၍ အခမဲ့ဖြန့်ဝေပေးနေပြီး ယခု ကုန်းရွာကျေးရွာနေပြည်သူများအတွက် လျှော်ဖြူပင် ၂၁၀ဝ၊ စန္ဒကူးပင် ၅၀ဝ နှင့် ရတနာတန်းဝင် ကျွန်းပင် ၅၀ဝ၊ ပျိုးပင်စုစုပေါင်း ၃၁၀ဝ ကို အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း ယင်းမာပင်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။
သန်းဌေးအောင်(ကနီ)