ဇီးကုန်း ၁၂ ဇွန်


ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဝက်ကော်ကျေးရွာ အ.လ.က(ခွဲ) စာသင်ကျောင်းတွင် ကျောင်းစာကြည့်တိုက်ဖွင့်ပွဲနှင့် စာကြည့်တိုက်သုံး ပရိဘောဂများနှင့် စာအုပ်၊ စာစောင်များလှူဒါန်းပွဲကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းအေးနှင့် တာဝန်ရှိသူတို့က အဖွင့်အမှာစကားပြောကြားပြီး၊ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ Shanti Volunteer Association (SVA) မှ ညှိနှိုင်းရေးမှူး Ms.Kyoko Ito က စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ၊ စာကြည့်တိုက်သုံး ပရိဘောဂများ လှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားကာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ထွေးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများ က စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။


ကျောင်းစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားတွင် ရှန်တီစေတနာ့ဝန်ထမ်းမှ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကလေးဝန်ဆောင်မှုအဖြစ် ကိုယ်လက်လှုပ်ရှားခြင်း၊ ပုံပြောခြင်း၊ စက္ကူပြဇာတ် ပြသခြင်းနှင့် ဘုတ်ပြားပြဇာတ်များ ပြသပေးခဲ့ပြီး ကျောင်းသားကျောင်းသူများအား လွတ်လပ်စွာ စာအုပ်များဖတ်ရှုစေခဲ့ ကြောင်းသိရသည်။


အလားတူ နေ့လည် ၁ နာရီတွင် လယ်တွင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင်လည်း ကျောင်းစာကြည့်တိုက်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


တင့်ဆွေ(ဇီးကုန်း)