မန္တလေး ၁၂ ဇွန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်၊ ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျူ့ (DIPD) ၏ ပံ့ပိုးကူညီမှုဖြင့် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ (၁၂)ရက် နံနက် (၉)နာရီက Hilton Mandalay Hotel တွင် ကျင်းပခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက အဖွင့်အမှာစကားပြောကြား၍ ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျူ့ (DIPD)မှ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် ဒေါ်ခင်သဇင်မြင့်က ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်နှင့် အစီအစဉ်များကို ရှင်လင်းတင်ပြပြီး တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကြသည်။

 

mdn

 

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လမ်းညွှန်ချက်များ၊ ကျင့်ဝတ်များအကြောင်းနှင့် ရွေးကောက်ပွဲလုံခြုံရေး၊ စေ့စပ်ညှိနှိုင်းရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ အထွေထွေလုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။

တက်ရောက်လာကြသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက အုပ်စု(၄)စုခွဲကာ မဲဆန္ဒရှင်စာရင်းပြုစုခြင်း  ထုတ်ပြန်ခြင်း၊ ရွေးကောက်ပွဲ ဥပဒေ နည်းဥပဒေ လမ်းညွှန်ချက်များနှင့် ကျင့်ဝတ်၊ လုံခြုံရေး  စေ့စပ်ညှိနှိုင်းရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ အထွေထွေ လုပ်ငန်းစဉ်နှင့် မဲဆန္ဒရှင်အသိပညာပေးခြင်းဟူ၍ ခေါင်းစဉ်(၄)မျိုးခွဲကာ ဆွေးနွေးကြပြီး အုပ်စုအလိုက် ဆွေးနွေးချက်များကို ပြန်လည်တင်ပြဆွေးနွေးကြသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး ပြန်လည်ဆွေးနွေးကာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး DIPD မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်