မုံရွာ ၁၂ ဇွန်
၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မြို့နယ် (၁၁)မြို့နယ်တွင် ရှမ်းနီ တိုင်းရင်းသားစာပေကို သင်ကြားပေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်၏ ပြောကြားချက်အရ သိရသည်။
“တိုင်းရင်းသားတွေ သူတို့ဘာသာစကားကို သင်ချင်တယ်ဆိုတာက ကျေနပ်မှုတစ်ခုဖြစ်တယ်၊ သင်လည်းသင်ရမှာဖြစ်တယ်၊ လူမျိုးတစ်ခုအနေနဲ့ သတ်မှတ်မယ်ဆိုရင် သမိုင်းကြောင်းရှိရမယ်၊ နယ်မြေတစ်ဆက်တစ်စပ်တည်း ရှိရမယ်၊ ကိုယ့်ရဲ့ဘာသာစကားရှိရမယ်၊ စာပေဆိုတာရှိရမယ်၊ ယဉ်ကျေးမှု ဆိုတာလည်းရှိရမယ်၊ စာပေကရှိနေပြီးတော့ တစ်ညီတစ်ညွတ်တည်းဖြစ်မနေဘူး၊ အခုလိုသင်ကြားခွင့်ရလိုက်တဲ့ အချိန်မှာ ပိုပြီးတော့ တိုင်းရင်းသားတွေ ကိုယ့်ရဲ့စာပေ၊ ယဉ်ကျေးမှုတွေကို ဆက်လက်ထိန်းသိမ်းဖို့ အတွက် အားသစ်လောင်းတဲ့ သဘောရှိတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါ်မွှေးမွှေးခင်က ပြောသည်။
ရှမ်းနီတိုင်းရင်းသား စာပေကို ဟုမ္မလင်းမြို့နယ်တွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်ပြီး သင်ကြားပေးခဲ့သည်။ ထို့ပြင် ပင်လည်ဘူး၊ တမူး၊ ခန္တီး၊ လဟယ်၊ ဗန်းမောက်၊ အင်းတော်၊ ထီးချိုင့်၊ ကလေး၊ လေရှီးနှင့် ဖောင်းပြင်မြို့နယ်တို့တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်ပြီး တိုးချဲ့သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)