နောင်တရား ၁၂ ဇွန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ အစားထိုးသီးနှံစိုက်ပျိုးရေးအတွက် မျိုးစေ့နှင့် ပျိုးပင်များပေးအပ်ပွဲကို ယနေ့နံနက် ၁၀:၃၀ နာရီတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် နောင်တရားမြို့ အုပ်ချုပ်ရေးမှူးဦးစိုင်းချမ်းမြေ့ဝင်း က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်က သီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကိုလည်းကောင်း၊ နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးကျော်စိုးသူက မျိုးစေ့နှင့်ပျိုးပင်များ ပေးအပ်ရခြင်း အကြောင်းကိုလည်းကောင်း ပြောကြားသည်။ ထို့နောက် အစားထိုးသီးနှံများဖြစ်သည့် ပုလဲသွယ်စပါးမျိုးစေ့နှင့် ပျိုးပင်များကို နောင်တရားမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘိန်းအစားထိုး ဆောင်ရွက်နေသည့် မွှေးပြင်ကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ပေါ့အင်ကျေးရွာအုပ်စုများမှ တောင်သူများထံ ပေးအပ်ခဲ့သည်။
အဆိုပါ စိုက်ပျိုးမြေဧက ၇၀ အတွက် ပုလဲသွယ် စပါးမျိုးစေ့များကိုလည်းကောင်း၊ နှစ်ရှည်ပင်သီးနှံများ ဖြစ်သည့် ထောပတ်ပျိုးပင် ၃၀ဝ၊ ကော်ဖီပျိုးပင် ၅၀ဝနှင့် လက်ဖက်ပျိုးပင် ၅၀ဝ တို့ကို အစားထိုးသီးနှံများအဖြစ် တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)