၁၂ ဇွန်
ကုလသမဂ္ဂထောက်ခံသော လစ်ဗျားအစိုးရက ထရီပိုလီ မြို့တော်တောင်ပိုင်းရှိ အရှေ့အခြေစိုက်စစ်တပ်ကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။
လေကြောင်းတိုက်ခိုက်မှုနှစ်ခုမှာ ထရီပိုလီ မြို့တော်တောင်ပိုင်းလေဆိပ်အနီးရှိ တပ်ဖွဲ့များကို ပစ်မှတ်ထားပြီး နောက်ထပ်လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ ထရီပိုလီ မြို့တော်တောင်ပိုင်း ဝါဒီ ရာဘီ (Wadi Rabie) မြို့ရှိ တပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Khalifa Haftar ဦးဆောင်သော အရှေ့အခြေစိုက်စစ်တပ်သည် ကုလသမဂ္ဂထောက်ခံသောအစိုးရ အခြေစိုက်ရာ မြို့တော်ထရီပိုလီကို အာဏာသိမ်းယူရန် ဧပြီလအစောပိုင်းကတည်းက စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့သည်။
ထိုတိုက်ခိုက်မှုများကြောင့် ယခုချိန်ထိ သေဆုံးသူပေါင်း ၆၅၃ ဦးရှိပြီး ဒဏ်ရာရသူ ၃၅၄၇ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ဖော်ပြချက်အရ သိရသည်။
၂၀၁၁ ခုနှစ်က ခေါင်းဆောင်ဟောင်း မွမ်မာ ကဒါဖီ ကျဆုံးပြီးနောက်ပိုင်း လစ်ဗျားနိုင်ငံသည် ပရမ်းပတာအခြေအနေကြားထဲတွင် အသွင်ကူးပြောင်းချိန်ကာလမှာ ရုန်းကန်လှုပ်ရှားနေရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို