နေပြည်တော် ၁၂ ဇွန်
တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေး (၂/၂၀၁၉)ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာ၌ ဇွန် ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်က တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဌာန်းပြီး ဖြစ်ကြောင်း၊ ပြင်ဆင်သည့် ဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်မည့် နည်းဥပဒေများနှင့်အညီ တရားလွှတ်တော်ရှေ့နေများက ရွေးကောက်တင်မြောက်သည့် လုပ်သက်အနည်းဆုံး ၁၅နှစ် ရှိ တရားလွှတ်တော်ရှေ့နေ ၁၁ ဦးကို ရွေးကောက်တင်မြောက်ရမည်ဖြစ်ကြောင်း၊ နည်းဥပဒေများ ထုတ်ပြန်နိုင်ရေးအတွက် တရားလွှတ်တော်ရှေ့နေများ ကောင်စီက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ သဘောထားပေးရမည်ဖြစ်ကြောင်း၊ မြန်မြန် ဆန်ဆန် သဘောထားပေးပို့နိုင်ရန်လိုပါကြောင်း။
ယနေ့အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းရန် လျှောက်ထားသည့် လျှောက်လွှာ ၄၃၈ စောင်ကို စိစစ်အတည်ပြုမည်ဖြစ်ပါကြောင်း၊ တရားလွှတ်တော် ရှေ့နေမှတ်ပုံတင်ကဒ်ပြား Smart Cardထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပေးပို့သည့် ၃၆၄၉ ဦး အနက် ၂၀၁၂ ဦးအတွက်ပြု လုပ်ပြီးဖြစ်ပါကြောင်း၊ အားလုံးပြီးစီးသည်နှင့် ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော တရားလွှတ်တော်ရှေ့နေများ ကောင်စီ အဖွဲ့ဝင်များက တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာနှင့်စပ်လျဉ်း၍ သဘောထားတောင်းခံသည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့များ တက်ရောက်ကြသည်။
(သတင်းစဉ်)